ပေါက်ခေါင်းနှင့် မင်းလှတွင် အုပ်ချုပ်ရေးမှူးနှင့် ပျုစောထီးဆိုသူ ၂ဦးပစ်ခတ်ခံရပြီး သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
18 August 2023
ပေါက်ခေါင်းနှင့် မင်းလှတွင် အုပ်ချုပ်ရေးမှူးနှင့် ပျုစောထီးဆိုသူ ၂ဦးပစ်ခတ်ခံရပြီး သေဆုံး
Photo - ရိုးမဖြတ်လမ်းတွင် လုံခြုံရေးယူထားသော ပြည်သူ့ကာကွယ်ရေးရဲဘော်များ

ပေါက်ခေါင်းနှင့်မင်းလှမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူနှစ်ဦးသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံမှသိရသည်။

ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု၊တာကောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်ကို ဩဂုတ်လ ၁၆ ရက်နေ့ ညနေတွင်  ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်း−ပြည် ကားလမ်းဘေး၌ ခြင်းလုံးခတ်နေစဉ် သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်

ဦးဇော်လင်းအောင်သည် စစ်ကောင်စီတပ်သား၊ ရဲများနှင့်ပူးပေါင်း၍ သစ်ကားများအားလိုင်းကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများအား လစဉ်ကြေးယူ ဖွင့်လှစ်စေခြင်း တို့လုပ်ဆောင်နေသလို ဒေသခံ ပြည်သူများအားအနိုင်ကျင့်ဗိုလ်ကျနေသူဖြစ်ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မင်းလှမြို့နယ်တွင်လည်း မြို့ချောင်း−စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းရှိ ပျဉ်းကတိုးခင်းသစ်တောဂိတ်တွင် စစ်ကောင်စီနှင့်ပေါင်းပြီး ငွေကြေးကောက်နေသည့် ပျူစောထီးဆိုသူ ဦးအေးလွင်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းဝင်းကို ဩဂုတ်လ ၁၇ရက် နေ့လယ်တွင်ပစ်ခတ်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅)က ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးသည် ပဲခူးရိုးမအတွင်းရှိ PDF စခန်းများကို စစ်ကောင်စီတပ်ထံ သတင်းပေးတိုင်ကြားခြင်း၊ စစ်ကောင်စီတပ်သားများအတွက် ရိက္ခာထောက်ပံ့ခြင်းနှင့် ရိုးမအတွင်းမှ သစ်ခိုးထုတ်နေမှုများကို ဆက်ကြေးကောက်ပေး၍ စစ်ကောင်စီတပ်မှ ဝင်ငွေရရှိစေရန်ကြိုးပမ်းပေးနေမှုများကြောင့် အချိန်ယူစောင့်ကြည့် စိစစ်အတည်ပြုပြီးမှ ပစ်ခတ်ရှခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရိုးမဖြတ်ကျော်လမ်းမှတဆင့် သစ်ခိုးထုတ်မှုများကို တားဆီးရန်ဟုဆိုကာ  ပြီးခဲ့သည့်ဇူလိုင်လမှစပြီး  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုစတင်ခဲ့သည်။ ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးကပ်စွာသွားလာနေထိုင်ခြင်း၊ ပတ်သက်ခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက  သတိပေးထားသည်။

သြဂုတ်လ ၁၃ ရက်နေ့ကလည်း ရိုးမဖြတ်ကျော်လမ်းတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစီးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) မှ တိုက်ခိုက်ခဲ့သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required