နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ ဩဂုတ် ၂၀၂၃)

By မဇ္ဈိမ 
17 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၇ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အကြမ်းဖက်စစ်ကောင်စီ၏ သပ်လျှိုသွေးခွဲမှုများကို နိုင်ငံရေး၊ စစ်ရေးသတိဖြင့် ဆင်ခြင် သုံးသပ်ပြီး ဆက်လက်တိုက်ပွဲဝင်ကြရန် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက ဩဂုတ် ၁၇ ရက်က သဝဏ်လွှာပေးပို့ တိုက်တွန်းထားသည်။
•    စစ်ကောင်စီအမြစ်ပြတ်အောင် ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ် ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၁၇ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်နီ တပ်မတော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ယခုကဲ့သို့ ထည့်သွင်းဖော်ပြ အသိပေးထားသည်။
•    အာဏာသိမ်းစစ်တပ်အခြေစိုက်ရာ နေပြည်တော်အရှေ့ခြမ်း ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘို့မသံ တောင် စစ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) များက တိုက်ခိုက် သိမ်းပိုက် ခဲ့ပြီး နောက် သုံးရက်ကြာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း အလယ်ပိုင်းတိုင်း PKS-PDF ၁၀၀၄ တပ်ရင်းက သတင်းထုတ်ပြန်သည်။
•    ပဲခူးတိုင်း မှ မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်သို့ ကား ၆ စီးနှင့် ထွက်ခွာလာသည့် အကြမ်းဖက် စစ်ယာဥ်တန်းကို တော်လှန်ရေး အင်အားစု တပ်ဖွဲ့များက ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်‌ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်က သြဂုတ် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
•    စစ်ဆင်ရေး မဟာဗျူဟာအရ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ရန် အတွက် ထုအင်အား တည်ဆောက်ပြီး တစ်ခုတည်းသော အင်အားတစ်ခုတည်းသော အစီအစဥ်အောက်တွင် ထိုးစစ်ဆင်နွှဲရေး အရေးကြီးသည့် ပြင်ဆင်မှု ပြုလုပ်နေသည်ဟု NUG ကာကွယ်ဝန်ကြီး ဦးရည်မွန်က လွတ်လပ်သော အာရှအသံ (RFA) အင်တာဗျူးတွင် ပြောဆိုထားသည်။
•    အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၆ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ တပ်နှင့်ရဲ CDM များကို ထောက်ပံ့မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၇ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် နှင့် မြင်းမူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆက်ကြေး တောင်းခံသော ဂိတ်များနှင့် ကင်းပုန်းတို့ကို ဩဂုတ် ၁၅ ရက်၊ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဩဂုတ် ၁၅ ရက်၊ ညနေ ၄ နာရီ ကျော် ခန့်က အကြမ်းဖက် စစ်တပ်၏ ကြေးနီပြားများ တင်ဆောင်လာသော တွဲကားယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း One Way Revolution Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတားပေါ်တွင် ဩဂုတ် ၁၆ ရက်၊ နံနက်ပိုင်း က စစ်တပ်က လည်ငေါက်ကျေးရွာမှ ပြည်သူ ၄ ဦးကို လည်လှီး သတ်ဖြတ်ကာ အလောင်း များကို ချောင်းထဲပစ်ချခဲ့သဖြင့် ပုတ်ပွနေသော အလောင်းများ ပြန်လည် ဆယ်ယူရရှိကြောင်း ဒေသခံပြည်သူများ နှင့် ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ အကျဉ်းသားများအား ထောင်ပြောင်းရန် တင်ဆောင်လာသည့် ကားငါးစီးပါယာဉ်တန်း ဩဂုတ် ၁၅ ရက်က မုံရွာ-မန္တလေးလမ်း မုံရွာမြို့အထွက်၌ မိုင်းဆွဲ ခံရမှုကြောင့် CDM ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် နှင့် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPN) ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၌ တပ်စွဲပြီးခရီးသွားပြည်သူများအပေါ် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဩဂုတ် ၁၆ ရက်၊ နေ့လယ် ၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်း ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာ၌ အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး နေအိမ်များကို ၂ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်သားများ နှင့် ပျူစောထီးများကို ဩဂုတ် ၁၆ ရက်၊ နံနက် ၈ နာရီ ၂၇ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ မိုင်းဆွဲခြင်းတို့ကြောင့် ပျူစောထီး ၂ ဦး သေဆုံးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
•    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း နှင့် ၆၁ လမ်းထောင့်ရှိ Golden Gate ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူကို PDF နှင့် NUG ဆက်သွယ်ထောက်ပံ့သည်ဟု ဆိုကာ စစ်ကောင်စီက ဩဂုတ် ၁၇ ရက်၊ နံနက်ပိုင်းက လာရောက်ဖမ်းဆီးပြီး ကျောင်းကို ချိပ်ပိတ် ခဲ့ သည်ဟု မြို့ခံများက ပြောသည်။
•    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်းကျေးရွာကို စစ်တပ်က ဩဂုတ် ၁၆ ရက်၊ နံနက် ၅ နာရီခန့်က အကြောင်းမဲ့ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၆၀ ကျော် မီးရှို့ခံရသဖြင့် ပြာကျသွားကြောင်း ငါန်းဇွန်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီက ခန့်အပ်ထားသော အင်ငါးခွကျေးရွာစု အုပ်ချုပ်ရေးမှူး‌ ဇော်လင်းအောင်သည် ဩဂုတ် ၁၆ ရက်၊ ညနေ ၆ နာရီခွဲခန့်က ခြင်းလုံးခတ် နေစဉ် ပစ်ခတ်ခံရပြီး‌ သေဆုံးသွားကြောင်း ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
•    ကချင်ပြည်နယ်၊ ရွှေကူမြို့ဆိပ်ကမ်းမှ ဗန်မော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ လက်နက် နှင့် ရိက္ခာတင်ဆောင်လာသည့် သင်္ဘော ကိုးစီးတန်းကို ဩဂုတ် ၁၆ ရက်၊ ညနေပိုင်းက ဒုတိယ ဧရာဝတီမြစ်ကျဉ်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF တပ်ရင်းမှ သတင်းထုတ်ပြန်သည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ် ၁၇ ရက်တွင် ယန်း ၁၀၀ နေ့စဥ်စုအဖွဲ့ ဂျပန် မှ လှူဒါန်းပေးမှုဖြင့် ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က အစားအသောက်များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
•    ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်သံရုံး၏ အကြောင်းကြားမှုကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာစစ်တပ် လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက်ပြီး ပိတ်ပင်လိုက်သော ငွေစာရင်းများတွင် ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိနေကြောင်း BenarNews က သတင်းဖော်ပြသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    စစ်အာဏာရှင် တော်လှန်ရေးတွင် "သတ်သင့်သောလူကို သတ်ရမှာပဲ။ သေသင့် သောလူလည်း သေရမှာပဲ" ဆိုသော တော်လှန်ရေး နိယာမ သဘောတရားဖြင့် ရန်ငါပြတ်နိုင်ကြရန် နှင့် မတွေ ဝေကြရန် မြေပြင် တပ်မှူး၊ တပ်သားများကို ကရင်နီပြည် တပ်မတော် KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ယနေ့ ဩဂုတ် ၁၇ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် သတိပေးပြောဆိုလိုက်သည်။
•    မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ စကခ ၈ ၊ ဗျူဟာ ၃ လက်အောက်ခံ  ပိန္နဲတော စစ်ကောင်စီ တပ်စခန်းမှ ဒုတပ်ကြပ် စောအိုင်ဇက်သည် လက်နက်နှင့်တကွ ဇူလိုင် ၂၂ ရက်‌တွင်  သထုံခရိုင်၊ တပ်မဟာ ၁ ၊ တပ်ရင်း ၂ ထံသို့ အလင်းဝင်လာခဲ့ကြောင်း  တပ်ရွှေထီး စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
•    မွန်ပြည်နယ်၊ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် KNLA နှင့် PDF ပူးပေါင်းတပ်များက နေ့စဉ် စစ်ဆေးလျက် ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံး JOC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် နေရာနှစ်ခုအား တပ်မဟာ(၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF ပူးပေါင်း တပ်ဖွဲ့က ဩဂုတ် ၁၆ ရက်၊ နံနက် ၁၀ နာရီကျော်က လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
•    ချင်းပြည်နယ်၊ မတူပီမြို့နယ် နှင့် ဟားခါးမြို့နယ်တို့အား ဆက်သွယ်ထားသည့် လမ်းပိုင်း၊ လုံလှော်ရွာနှင့် ဇကမ်းရွာကြားတွင် ဩဂုတ် ၁၅ ရက်က မြေပြိုကျကာ လမ်းပိုင်းပြတ်တောက် သွားခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(မတူပီ)က ပြောသည်။
စစ်ကောင်စီ
•    စားနပ်ရိက္ခာ လုံခြုံမှုရှိရေး အဓိက ကျသည့် စိုက်ပျိုးရေးအတွက် လိုအပ်သော လောင်စာဆီ၊ ဓာတ်မြေဩဇာအပါအဝင် အထောက်အကူပြုပစ္စည်းများရောင်း ဝယ်ရာ၌ နိုင်ငံတချို့အနေဖြင့် ဘဏ္ဍာရေးလုံခြုံမှု နှင့် ယှဉ်တွဲဖြစ်လာသော ဒေါ်လာငွေကြေးအား လက်နက်သဖွယ် အသုံးချ လျက်ရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပသည့် ၁၁ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) သို့ ပေးပို့သည့် ဗီဒီယိုမက်ဆေ့တွင် ပြောသည်။
•    ငြိမ်းချမ်းရေးဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် အတွက် စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က NCA ရေထိုးထားသည့် EAO အဖွဲ့များထံ အကြောင်းကြားထားသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
•    အချို့ဆေးခန်းများ နှင့် Online Clinic များသည် တရားမဝင်တင်သွင်းသော ကိုဗစ်ကာကွယ် ဆေးအတုများ ထိုးပေးနေသည်ဟု သတင်းရရှိသည့်အတွက် အများပြည်သူ သိရှိရှောင်ရှားကြရန် စစ်ကောင်စီ လက်အောက်ခံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်လိုက်သည်။
•    Facebook Online Media များတွင် ရောင်းချနေသည့် အချို့တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးပညာ ဦးစီးဌာနကနေ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိသောကြောင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
•    အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းစျေးကွက်တွင် ရွှေစျေးနှင့် ဒေါ်လာစျေး မတက်စေရေးအတွက် အမျိုးမျိုးသော ဖမ်းဆီးဖိနှိပ်မှုများ လုပ်ဆောင်နေသော်လည်း ပြည်တွင်းစျေးကွက်တွင် ၁၆ ပဲရည် မီးလင်းရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ၃၈ သိန်း ၁ သောင်းကျော်သို့ ရောက်ရှိသွားပြီး အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ၃၇၅၀ ကျပ်ကျော်အထိ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်း သိရသည်။
•    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တပ်တွင် သေနတ်ကျည် ရှင်းခိုင်းစဥ် ကျည်ထွက်သေဆုံးခဲ့သည့် စစ်ဗိုလ်အောင်မျိုးသူ၏ နာရေးဖိတ်စာ၌  စစ်တပ်က ရာထူးမထည့်ခိုင်းကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
•    ပဲခူးတိုင်း ၊ သဲကုန်းမြို့နယ်တွင် လူငယ်နှစ်ဦးကို ၎င်းတို့နေထိုင်ရာနေအိမ်များ၌ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားပြီးနောက် နှစ်ရက်အကြာတွင် မိုင်းထောင်နေသည့် PDF နှစ်ဦးအား ပစ်ခတ် ဖမ်းဆီး၊ အသေ ဖမ်းဆီးရမိဟု စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသည်။

ဩဂုတ် ၁၇ ရက် သုံးသပ်ချက် 
•    စစ်ကောင်စီ၏ နိုင်ငံခြားငွေစီးဆင်းရာ ဘဏ်နှစ်ဘဏ်ကို အမေရိကန်က ပိတ်ဆို့ အရေး ယူပြီး နောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကပါ ပိတ်ပင်မှုများ ပြုလုပ်လိုက်သည့် စစ်ကောင်စီငွေ ဒေါ်လာသန်းချီ ပိတ်မိသွားသည်အတွက် စစ်ကောင်စီအတွက် နိုင်ငံခြားငွေအကျပ်ရိုက်ဖွယ် ရှိသည်။
•    PDF နှင့် ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဖမ်းဆီး စစ်ဆေးနေပြီး ပိုင်ဆိုင်မှုများကို မတရားသိမ်းဆည်း ချိပ်ပိတ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly