မော်လမြိုင်-ရေး-ထားဝယ်လမ်းမကြီး KNLA၊ PDF ပူးပေါင်းတပ် နေ့စဉ်စစ်ဆေးနေ၊ စစ်ကောင်စီ ယခင်ကလို စစ်ရေးမလှုပ်ရှားနိုင်တော့ဟု ဆို

By မောင်ခက်နွေ၊YT (မဇ္ဈိမ)
17 August 2023
မော်လမြိုင်-ရေး-ထားဝယ်လမ်းမကြီး KNLA၊ PDF ပူးပေါင်းတပ် နေ့စဉ်စစ်ဆေးနေ၊ စစ်ကောင်စီ ယခင်ကလို စစ်ရေးမလှုပ်ရှားနိုင်တော့ဟု ဆို
ဓါတ်ပုံ-လုံခြုံရေးယူစစ်ဆေးနေသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတလျှောက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကနေ့စဉ် လုံခြုံရေးစစ်ဆေးနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခင်ကကဲ့သို့ စစ်ရေးလှုပ်ရှားမှု မလုပ်နိုင်တော့ကြောင်း တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးကပြောသည်။

" ခုကျွန်တော်တို့ ထိန်းချုပ်မှု နှစ်လလောက်ရှိလာတဲ့အနေအထားမှာ စစ်ကောင်စီအနေနဲ့ ဒီလမ်းကို အသုံးပြုလို့ မရတော့တဲ့အခြေအနေဖြစ်လာပါပြီ။ စစ်ကောင်စီလက်အောက်ခံတပ်သားတွေအနေနဲ့လည်း အခုဆိုရင် ခရီးသည်တင်ယာဉ်တွေအသုံးပြုပြီး ဒီလမ်းကို ဖြတ်သန်းသွားလာဖို့တောင် မဝံ့တော့တဲ့အနေအထားထိ ထိန်းချုပ်လာနိုင်ပါတယ်" ဟု အထင်ပါ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။ 

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသည့် အဆိုပါ လမ်းမကြီးပေါ်တွင် သွားလာသည့် ယာဉ်များအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လုံခြုံရေးအရ စစ်ဆေးမည်ဟု ထုတ်ပြန်သည့် ဇွန်လ ၁၅ ရက်နေ့မှစ၍ နေ့စဉ်စစ်ဆေးနေခြင်းဖြစ်သည်။ ယမန်နေ့ ဩဂုတ်လ ၁၆ရက်ကလည်း လမ်းပိုင်းတလျှောက် လုံခြုံရေးရယူခြင်းနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက်  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ကြောင်း တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ဓာတ်ပုံမှတ်တမ်းများဖြင့် သတင်းထုတ်ပြန်ထားသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းတွင်  သွားလာနေသော  မော်တော်ယာဉ်များအနေဖြင့် KNLA၊PDF ရဲဘော်များ၏ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သော လူနှင့်ပစ္စည်းများတင်ဆောင်ခြင်းမပြုလုပ်ရန်၊ စစ်ကောင်စီယာဉ်များနှင့် လိုက်ပါခြင်းမပြုလုပ်ကြရန်နှင့်  အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ယာဉ်များအနေဖြင့်လည်း ကြည်ဖြူစွာအစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။ ယင်းလမ်းပိုင်းသည်စစ်ကောင်စီကို တိုက်ခိုက်ရန် ထိုးဖောက်ဒေသစိုးမိုးရေးအတွက် အရေးပါသည်ဟုဆိုသည်။

" တော်လှန်ရေးဟာ ပုံစံတစ်ခုပြောင်းသွားပါပြီ။ အရင်က စစ်ပညာသင်ပြီး ကျေးလက်ဒေသတွေကို စိုးမိုးရေးပုံစံတွေကနေ မြို့ပြတွေကို ချဉ်းကပ်စိုးမိုးလာနိုင်တဲ့အနေအထားရောက်နေပါပြီ"ဟု တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးတာဝန်ရှိသူကပြောသည်။

စစ်ရေးအရအရေးပါသည့် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတလျှောက်ကို ထိန်းချုပ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားများအားလုံးက ကြိုးစားနေကြောင်း တောင်ပိုင်းစစ်ဒေသ၊ ‌တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
ဇွန်လ ၁၅ရက်မှစ၍ စစ်ဆေးမှုများအတွင်း စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် လူလေးဦးအား ဖမ်းမိခဲ့ပြီး ရဲအသုံးအဆောင်ပစ္စည်းများသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly