ပြည်ပသို့ မြန်မာ့ဆန် တိုးမြှင့်တင်ပို့နိုင်ရေး ဆန်တင်ပို့သူများ မျှော်လင့်

By ဘန်ကောက်ပို့စ်
17 August 2023
ပြည်ပသို့ မြန်မာ့ဆန် တိုးမြှင့်တင်ပို့နိုင်ရေး ဆန်တင်ပို့သူများ မျှော်လင့်
A labourer unloads sacks of rice from a ship along a jetty in Yangon on June 28 this year. (Photo: AFP)

အိန္ဒိယက ပြည်ပဆန်တင်ပို့မှုအပေါ် ကန့်သတ်လိုက်ခြင်းနှင့် ထိုင်း၊ ဗီယက်နမ် ဆန်များ ဈေးတက်ခြင်းတို့ကြောင့် ဝယ်သူများ အခြားသော ရောင်းချမှုရင်းမြစ်များကို ရှာစေရန် စေ့ဆော်လျက်ရှိစဉ် လာမည့်လများတွင် မြန်မာ့ဆန် ပြည်ပတင်ပို့မှု မြင့်တက်လိမ့်မည်ဟု မြန်မာဆန်တင်ပို့သူများက မျှော်လင့်လျက် ရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ဆန် ထောက်ပံ့ရောင်းချမှု တင်းကျပ်လာခြင်းက မြန်မာ့ဆန် တင်ပို့မှုကို ပြန်လည်အားကောင်းစေရန် ထောက်ကူပေးနိုင်ပြီး ဆန်တင်ပို့မှုများမှ ဝင်ငွေ ဒေါ်လာ တဘီလီယံ ရရှိရေး တနှစ်တာ ရည်မှန်းချက်နှင့် ပိုမို နီးကပ်စေနိုင်ဖွယ်ရာ ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ ယခု ဘဏ္ဍာနှစ်၏ ပထမ လေးလတွင် ဆန်တင်ပို့မှုက ၅၆ ရာခိုင်နှုန်း ကျသွားကြောင်း ၎င်းက ပြောသည်။

နိုင်ငံတွင် အရည်အသွေးမြင့် ဆန် တင်ပို့ရောင်းချမှုကို ဦးစားပေးရန် အာဏာပိုင်တို့က ဆုံးဖြတ်ပြီးနောက် ဧပြီလမှ ဇူလိုင်လအထိ မြန်မာ့ဆန် တန်ချိန် ၃၂၀,၀၀၀ ခန့် ပြည်ပတင်ပို့ခဲ့ရပြီး ဒေါ်လာ ၁၃၈ သန်းသာ ရရှိခဲ့သည်ဟု ဆန်စပါး အသင်းချုပ်မှ ဒေတာအချက်အလက်များအရ သိရသည်။

သို့သော် ကမ္ဘာ့ အများဆုံး ဆန်တင်ပို့သူ အိန္ဒိယသည် လာမည့်နှစ်အစောပိုင်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်း၌ ဆန်ဈေးမတက်စေအောင် ထိန်းထားရန် ဆန်ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်လိုက်သည့်အတွက် ပြီးခဲ့သည့်လတွင် အလားအလာများ တိုးတက်ခဲ့သည်။

အိန္ဒိယ၏ ကန့်သတ်မှုကြောင့် မြန်မာ၏ ဒေသတွင်း ယှဉ်ပြိုင်ဘက်တချို့၏ ဆန်ဈေးနှုန်းများကို ၁၅ နှစ်တာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့သည်။

“အရည်အသွေးမြင့် မျိုးကွဲတွေကိုပဲ တင်ပို့မှုအပေါ် မိမိတို့ ဆက်လက် အာရုံစိုက်သွားမယ် ဆိုပေမယ့် ခုအခြေအနေအပေါ် ကောင်းကောင်း အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာသည် စားနပ်ရိက္ခာ မလုံခြုံမှု ပြဿနာ ရှိနေပြီး ယင်းအခြေအနေအပေါ် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုနှင့် စီးပွားရေး ဖိစီးမှုတို့ကြောင့် ပိုဆိုးစေခဲ့သည်။ ယင်း၏ ပြည်ပတင်ပို့မှု မူဝါဒသည် ပြည်တွင်း ထောက်ပံ့မှု ဖူလုံရေးကို ထိန်းထားရန်အတွက် ရည်ရွယ်သည်။

အရည်အသွေး ပိုကောင်း၊ ပိုမြင့်သည့် ဆန်အမျိုးအစားများရောင်းချရမှုက တတန်လျှင် ဒေါ်လာ ၇၀၀ အထိ အများဆုံး ရနိုင်သော်လည်း အရည်အသွေး နိမ့်သည့် ဆန်အမျိုးအစားများအတွက် တတန်လျှင် ဒေါ်လာ ၃၀၀ သို့မဟုတ် ၄၀၀ သာ ရနိုင်သည်ဟု ဦးရဲမင်းအောင်က ပြောသည်။ ယင်းက ဝယ်သူများကို အတော်အတန် ချမ်းသာသည့် နိုင်ငံများအဖြစ်သာ အကန့်အသတ်ဖြစ်စေသည်။

နိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် နှစ်ခု၏ တစ်နှစ်စီတွင် ဆန်တင်ပို့ရောင်းချရမှုများမှ ဒေါ်လာ သန်း ၈၀၀ ကျော်စီ ရခဲ့ကြောင်း ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ မြန်မာ့ဆန်ကို အများဆုံး ဝယ်သူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်နှင့် ဘယ်လ်ဂျီယံတို့ ပါဝင်သည်။ အမေရိကန် စိုက်ပျိုးရေးဌာနက မြန်မာကို ကမ္ဘာ့ ဆဌမမြောက် အများဆုံး ဆန်တင်ပို့သူအဖြစ် ယမန်နှစ်က အဆင့်သတ်မှတ်ဖော်ပြသည်။

Myanmar eyes surge in rice exports
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly