အမေရိကန် ဆန်ရှင်ချမှတ်ထားသော မြန်မာဘဏ် ၂ ခု၏ အကောင့်များကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ပိတ်ထား

အမေရိကန် ဆန်ရှင်ချမှတ်ထားသော မြန်မာဘဏ် ၂ ခု၏ အကောင့်များကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ပိတ်ထား

ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်သည့် Sonali Bank သည် အမေရိကန် အရေးယူပိတ်ဆို့ထားသည့် မြန်မာဘဏ်နှစ်ခု၏ အကောင့်များကို ပိတ်ထားကြောင်း အဆိုပါ ဘင်္ဂလားဒေ့ရှ်ဘဏ်၏ တာဝန်ရှိသူက ပြောသည်။
ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်၏ သဘောထားအပေါ် မူတည်ပြီး နောက်ထပ် ဆောင်ရွက်ချက်များ လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့ကို အမေရိကန်က အရေးယူပိတ်ဆို့ထားကြောင်း မကြာသေးခင်က ဒါကာရှိ အမေရိကန်သံရုံးက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ကို အသိပေးနှိုးဆော်ခဲ့သည်။

ထို့ပြင် အဆိုပါ မြန်မာဘဏ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Sonali ဘဏ်တွင် အကောင့်ဖွင့်ထားကြောင်း အမေရိကန်သံရုံးက သတိပေးသည်။
“အဲဒီ မြန်မာဘဏ်နှစ်ခုက ကျွန်တော်တို့ဘဏ်မှာ စာရင်းဖွင့်အပ်ထားတဲ့ ငွေ ဒေါ်လာ ၁,၂၀၀,၀၀၀ ရှိပါတယ်။ ဒါပေမယ့် သူတို့ အဲဒီငွေတွေကို ထုတ်လို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန် ဆန်ရှင်ချမှတ်ပြီးနောက်မှာ ကျွန်တော်တို့က အဲဒီဘဏ်တွေရဲ့ အကောင့်တွေကို ပိတ်ထားလိုက်တာကြောင့်ပါ” ဟု Sonali Bank ၏ မန်နေဂျင်းဒါရိုက်တာ၊ စီအီးအို မက်ဒ် အက်ဖ်ဇယ် ကာရင်းမ်က ပြောသည်။

သို့သော် Sonali Bank ဘဏ်သည် မြန်မာဘဏ်နှစ်ခု၏ အကောင့်များနှင့်ပတ်သက်ပြီး ဗဟိုဘဏ်ထံမှ သဘောထားကို ရယူထားခဲ့ကြောင်း ဘဏ်၏ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတဦးက ပြောသည်။
Sonali Bank ဘဏ်သည် မြန်မာဘဏ်နှစ်ခုတွင် အပ်နှံထားသည့် ဒေါ်လာ ၂၀၀,၀၀၀ ရှိကြောင်းလည်း ဘဏ်တာဝန်ရှိသူတဦးထံမှ သိရသည်။ ဗဟိုဘဏ်၏ သဘောထားအပေါ် မူတည်ပြီး နောက်ထပ် ဆောင်ရွက်ချက်များ လုပ်ဆောင်ရန်ရှိသည်ဟု ၎င်းက ပြောသည်။

အမေရိကန်သည် ပြီးခဲ့သည့် ဇွန်လက မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

Sonali Bank freezes accounts of 2 Myanmar banks
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required