ဘင်္ဂလားဒေ့ရှ် ရဲများက ရိုဟင်ဂျာ ဒုက္ခသည်များကို နှိပ်စက်ခြင်းများ ရှိဟု ဆို

ဘင်္ဂလားဒေ့ရှ် ရဲများက ရိုဟင်ဂျာ ဒုက္ခသည်များကို နှိပ်စက်ခြင်းများ ရှိဟု ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသော ရိုဟင်ဂျာများအား ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ အထူးတိုက်ခိုက်ရေးတပ်ရင်း လက်နက်ကိုင်ရဲတပ်ရင်း( APBn )မှ အဖွဲ့ဝင်များက တရားလက်လွတ် ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဥ်းပန်းခြင်းများ ကျူးလွန်နေကြောင်း လူ့အခွင့်အရေး အင်န်ဂျီအိုအဖွဲ့ Fortify Rights အဖွဲ့၏ စုံစမ်းစစ်ဆေးမှု၌ ထုတ်ဖော်ထားသည်။

“မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ဘင်္ဂဒေ့ရှ်ရဲတွေက ငွေညှစ်ဖို့အတွက် တုတ်နဲ့ ရိုက်နှက်တာ၊ အသက်ရှူမရအောင် လုပ်တာနဲ့ အခြား နှိပ်စက်တဲ့ နည်းလမ်းတွေ ကျူးလွန်နေတယ်၊ ဒီလို ငွေညှစ်တာမျိုးဟာ တခါတရံမှာ အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာနဲ့ ညီမျှတဲ့ ပမာဏတောင် ရှိတယ်”ဟု ပြီးခဲ့သည့် သီတင်းပတ်က Fortify Right အဖွဲ့က ဆိုသည်။

APBn သည် ၂၀၂၀ ဇူလိုင်မှ စတင်ကာ ဒုက္ခသည်စခန်းများ၏ လုံခြုံရေးအတွက် တာဝန်ယူရသည့် ရဲတပ်ရင်း ဖြစ်သည်။ ထိုအချိန်မှစကာ ယင်း တပ်ရင်းသည် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး အလွဲသုံးမှုများ ကျူးလွန်သည်ဟု အကြိမ်ကြိမ် စွပ်စွဲခံထားရသည်။

ရဲများက “အကျင့်ပျက်ခြစားသည့် ငွေကြေးကို ရယူလိုမှုဖြင့် ရိုဟင်ဂျာများကို ကိုယ်ရော စိတ်ပါ ဒုက္ခပေးပြီး လူသား ATMs စက်များကဲ့သို့ သဘောထားအသုံးချနေကြောင်း” Fortify Right မှ အမှုဆောင်အရာရှိချုပ် မက်သရူး စမစ်က ပြောသည်။

APBn တပ်ရင်းသည် ရိုဟင်ဂျာ ဒုက္ခသည်များအား ငွေညှစ်ခြင်း၊ ထင်ရာစိုင်း ဖမ်းဆီးခြင်းနှင့် မကြာခဏ တိုက်ခိုက်ခြင်းများ ကျူးလွန်နေသည်ဟု အခြားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယခုနှစ် အစောပိုင်း၌ စွပ်စွဲထားသည်။

Fortify Rights ရော HRW ပါ ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများအား မေးမြန်းကာ သတင်းထုတ်ပြန်ကြခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လက်ရှိ၌ အိမ်နီးချင်း မြန်မာနိုင်ငံမှ လူနည်းစု မွတ်စလင်အများစု အပါအဝင် ရိုဟင်ဂျာ တသန်းနီးပါးကို လက်ခံထားသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖြိုခွင်းမှုအတွင်း ရိုဟင်ဂျာ ထောင်သောင်းများစွာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

ယင်းသည် ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်း ဖြစ်ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly