စစ်ဘက်သုံး ဒရုန်းများတွင် တရုတ်ထုတ် အစိတ်အပိုင်းများ အသုံးပြုခြင်းကို အိန္ဒိယ တားမြစ်

By AA News Desk
17 August 2023
စစ်ဘက်သုံး ဒရုန်းများတွင် တရုတ်ထုတ် အစိတ်အပိုင်းများ အသုံးပြုခြင်းကို အိန္ဒိယ တားမြစ်

အိန္ဒိယသည် လုံခြုံရေးဆိုင်ရာ အားနည်းချက်များနှင့်ပတ်သက်၍ စိုးရိမ်သောကြောင့် ပြည်တွင်းရှိ စစ်ဘက်သုံး ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီများအနေဖြင့် တရုတ်ထုတ် အစိတ်အပိုင်းများကို အသုံးမပြုရန် မကြာသေးမီလများအတွင်းက တားမြစ်လိုက်ကြောင်း ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ၄ ဦးက ပြောကြားခဲ့သလို Reuters သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည့် စာရွက်စာတမ်းများတွင်လည်း ဖော်ပြထားသည်။ 

နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိမ်နီးချင်း နိုင်ငံနှစ်ခုအကြား တင်းမာမှုများ ရှိနေပြီး အိန္ဒိယက မောင်းသူမဲ့လေယာဉ်များ၊ အချိန်ကြာမြင့်စွာပျံသန်းနိုင်သည့် မောင်းသူမဲ့လေယာဉ်များနှင့် အခြား အလိုအလျောက် မောင်းနှင်သည့် ကိရိယာများကို ပိုမိုအသုံးပြုရန် မျှော်မှန်းထားသည့် ခေတ်မီစစ်တပ် တည်ဆောက်နေချိန်တွင် အဆိုပါဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သို့သော် ဖွံ့ဖြိုးစ အိန္ဒိယစက်မှုလုပ်ငန်းသည် စစ်တပ်၏လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းနေချိန်၌ ဒရုန်းများတွင် တပ်ဆင်ထားသည့် ဆက်သွယ်ရေး ကိရိယာများ၊ ကင်မရာများ၊ ရေဒီယို ထုတ်လွှင့်မှုနှင့် စက်လည်ပတ်မှုစနစ် ဆော့ဖ်ဝဲများရှိ တရုတ်ထုတ် အစိတ်အပိုင်းများမှတစ်ဆင့် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရယူမည်ကို အိန္ဒိယ လုံခြုံရေးခေါင်းဆောင်များက စိုးရိမ်လျက်ရှိကြောင်း ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။  

၎င်းတို့အနက်မှ ၃ ဦးနှင့် Reuters မှ တွေ့ဆုံမေးမြန်းခဲ့သော အခြား အစိုးရနှင့် စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ ၆ ဦးအနက်မှ အချို့က ၎င်းတို့တွင် မီဒီယာများအား ဖြေကြားခွင့် မရှိခြင်း သို့မဟုတ် အရေးကြီး အကြောင်းအရာ ဖြစ်ခြင်းကြောင့် အမည်မဖော်ဘဲ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနသည် Reuters ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ အိန္ဒိယ၏ လုပ်ဆောင်ချက်သည် ၂၀၂၀ ခုနှစ်ကတည်းက ချမှတ်ထားသော ထောက်လှမ်းရေးဒရုန်းများ တင်သွင်းမှုအပေါ် တားမြစ်ချက်များအား ဖြည့်စွက်ထားခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ တင်ဒါများမှတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဒရုန်းတင်ဒါကိစ္စများကို ဆွေးနွေးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လက အစည်းအဝေး ၂ ခုတွင် “လုံခြုံရေးအရ အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများမှ စက်ပစ္စည်းကိရိယာများ သို့မဟုတ် အစိတ်အပိုင်းများကို လက်ခံနိုင်မည်မဟုတ်ကြောင်း” အိန္ဒိယစစ်ဘက်အရာရှိများက လေလံဆွဲသူများအား ပြောကြားခဲ့သည်ဟု Reuters က ကြည့်ရှုခွင့်ရခဲ့သည့် အစည်းအဝေးမှတ်တမ်းများတွင် ဖော်ပြထားသည်။ 

အဆိုပါ အစိတ်အပိုင်းများတွင် အရေးကြီး စစ်ရေးအချက်အလက်များကို ကျိုးပေါက်စေနိုင်သည့် လုံခြုံရေးအားနည်းချက်များ ရှိနေပြီး ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကို ထုတ်လုပ်သည့်နိုင်ငံအား ဖော်ရမည်ဖြစ်ကြောင်း တင်ဒါစာရွက်စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။ 

အိမ်နီးချင်းနိုင်ငံများဆိုသည်မှာ တရုတ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ စိုးရိမ်မှုများရှိသော်လည်း အိန္ဒိယ စက်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံအပေါ် မှီခိုလာရကြောင်း အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ 

ဆိုက်ဘာတိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း တရုတ်က ငြင်းဆိုထားသည်။ အိန္ဒိယ၏ ဆောင်ရွက်ချက်နှင့်ပတ်သက်သော မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသော်လည်း ဒရုန်းများနှင့် ဒရုန်းဆက်စပ်ပစ္စည်းအချို့ တင်ပို့မှုကို ထိန်းချုပ်သည့် အချက်များအား တရုတ်စီးပွားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly