မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် ကြေးနီပြားများတင်ဆောင်လာသည့် ယာဉ်တန်း မိုင်းဆွဲခံရ

By ပါခွီး (မဇ္စျိမ)
17 August 2023
မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် ကြေးနီပြားများတင်ဆောင်လာသည့် ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကြေးနီပြားများသယ်ဆောင်လာသည့် ယာဉ်တန်းအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်ခွာလာသော ကြေးနီပြားများတင်ဆောင်လာသည့် ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force က ဩဂုတ်လ ၁၆ ရက်နေ့က ထုတ် ပြန်ထားသည်။

စစ်ကောင်စီတပ်မှပိုင်ဆိုင်သော ဦးပိုင်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ထုတ်လုပ်သည့် ကြေးပြားများ တင် ဆောင်လာသော ကားခုနစ်စီးပါ ယာဉ်တန်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၂ နာရီ  ၄၀ မိနစ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တွဲကားတွေနဲ့ ကြေးနီတွေသယ်လာမယ်လို့ သတင်းရထားတာနဲ့ စောင့်ပြီး လေးလုံးတွဲ ပဒေသာမိုင်းနဲ့ ဆွဲခဲ့တာပါ” ဟု Area 71 People Defense Force တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ယာဉ်တန်း၏ပထမဆုံးတွဲကား၏ ခေါင်းပိုင်းကိုထိမှန်ပြီး နေရာတွင်ထိုးရပ် သွားခဲ့ကာ ယာဉ်မောင်းသေဆုံးသည်ဟုယူဆကြောင်း ဆိုသည်။

အနောက်မှအသင့်လိုက်ပါလာသည့် တယ်လီဖုန်းလှိုင်းနှောက်စက်(Jammer)တပ်ထားသည့်ကားနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများမှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 People Defense Force နှင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား များရွှေ့ပြောင်းလာသည့်ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်ထွယ်အောင် အသက်ဆုံးရှုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required