ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု KA စစ်ဦးစီးချုပ်ပြော

By 002 (မဇ္ဈိမ)
17 August 2023
ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု KA စစ်ဦးစီးချုပ်ပြော

ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ၇၅ နှစ်မြောက် ကရင်နီတပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသည်။

" မြန်မာပြည်မှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးတွင် ပါဝင်တော်လှန်လာကြပြီဖြစ်သောကြောင့် တော်လှန်ရေးအင်အား ကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံးဝ ယုံကြည်သည်" ဟု KA စစ်ဦးစီးချုပ်က ပြောသည်။

တော်လှန်ရေးမအောင်မြင်ပါက သားစဉ်မျိုးဆက်ခုနစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ကို အတတ်ပြောရဲကြောင်း၊ ယင်းကြောင့် ကိုယ်ကျိုးအတ္တများကို ဥပေက္ခာပြုပြီး တပ်မှုးများက ဦးဆောင် လမ်းပြရန်နှင့် စည်းလုံးညီညွတ်ကြရန် ၎င်းက သတိပေးသည်။

" မိမိတို့တပ်သည် ကြေးစားတပ်မဟုတ်ပါ၊ မျိုးချစ်တပ်ဖြစ်သည်နှင့်အညီ ကြေးစားတပ်များထက် စည်းကမ်းရှိရမည်။ ဥပဒေကို လေးစားပါ၊ အမိန့်နာခံကြပါ၊ စည်းကမ်းရှိကြပါ၊ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြပါ" ဟု KA စစ်ဦးစီးချုပ်က မှာကြားသည်။

တော်လှန်ရေးမှာ အောင်မြင်မှုကို ရရှိတော့မည်ဖြစ်သည့်အချိန်တွင် ရန်သူကို အထင်မသေးရန်နှင့် အထင်မကြီးရန် လိုအပ်ကြောင်း၊ အောင်မြင်တော့မည်ဟုဆိုကာ ဘဝင်မြင့်ပြီး အောက်ခြေမလွတ်ရန် ကရင်နီလူမျိုးများကို KA စစ်ဦးစီးချုပ်က တိုက်တွန်းသည်။

" တော်လှန်ရေးဆိုသည်မှာ သတ်သင့်သောလူကို သတ်ရမှာပဲ၊ သေသင့်သောလူလည်း သေရမှာပဲ၊ တော်လှန်ရေး၏နိယာမသဘော တရားဖြစ်သည်။ ထို့ကြောင့် ရန်ငါသိရမည်၊ သို့မှသာ ရန်ငါပြတ်နိုင်မှာ တပ်မှူးများမတွေဝေပါနှင့်။ မြန်မာစကားပုံတစ်ခု၏ လူ့အလိုကို နတ်မလိုက်နိုင်ပါ။ ရန်သူ၏ အခြေအနေမကောင်းတော့သည်ကို မြေပြင်တွင်ရှိနေသော တပ်မှူး တပ်သားများ ပိုတွေ့မြင်ရမည်ဖြစ်သည်" ဟု KA စစ်ဦးစီးချုပ်က ပြောသည်။

တော်လှန်ရေးတွင် လူထုကို မှန်မှန်ကန်ကန်ဦးဆောင်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးများကိုလည်း လေးစားကြရန် အထူးမှာကြားလိုသည်ဟု စစ်ဦးစီးချုပ်က ပြောသည်။

 ကျဆုံးသွားသည့် သွေးသောက်ရဲဘော်ရဲဘက်၏ ဝိညာဉ်နှင့် အသက်ပေးကြသော ပြည်သူပြည်သားများ၏ မျက်နှာများကို ထောက်ရှုကြပါရန်၊ မြို့ပျက်ရွာပျက် အိမ်ပျက် ဘဝပျက်သွားသော လူထုမျက်နှာ ငဲ့ကြည့်ကြပါရန်၊ နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေးအချောင်သမားများအား မယုံကြရန် အထူးမှာကြားလိုပါသည်" ဟု KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။

ကရင်နီပြည်နယ်၏ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် KA၊ KNDF၊ KPDF တို့ကို စေတနာအပြည့်ဖြင့် ကူညီထောက်ပံ့ပေးကြသည့် ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ကြောင်း စစ်ဦးစီးချုပ်က ဆိုသည်။

ကရင်နီတပ်မတော် KA ကို ၁၉၄၈ ခုနှစ် သြဂုတ် ၁၇ ရက်တွင် တပ်မှူး ခုနစ်ဦး ရဲဘော်ခုနစ်ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly