စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာတင်သင်္ဘောများကို ဒုတိယ ဧရာဝတီမြစ်ကျဉ်းအတွင်း ကာကွယ်ရေး တပ်ဖွဲ့တိုက်ခိုက်

By KMN (မဇ္ဈိမ)
16 August 2023
စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာတင်သင်္ဘောများကို ဒုတိယ ဧရာဝတီမြစ်ကျဉ်းအတွင်း ကာကွယ်ရေး တပ်ဖွဲ့တိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့ဆိပ်ကမ်းမှ ဗန်မော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ လက်နက်နှင့်ရိက္ခာတင်ဆောင်လာသည့် သင်္ဘောကိုးစီးတန်းကို ဒုတိယ ဧရာဝတီမြစ်ကျဉ်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF တပ်ရင်းမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်နှင့်ရိက္ခာတင်ဆောင်လာသည့်သင်္ဘောကိုးစီးတန်းအား မြို့လှ K-PDF တပ် ရင်း တပ်ခွဲ(၂) ဗိုလ်တခွန်အဖွဲ့မှ ၁၀၇ မမ ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစီး၏ ခါးပိုင်း ကို ထိမှန်ခဲ့ကြောင်း၊ နောက်တစီးမှာလည်း ဒုတိယမြစ်ကျဉ်းအတွင်း၌ ရှော့တိုက်ဒုံးနှစ်လုံးထိမှန်ခဲ့၍ ထိခိုက်သွားသည့်သင်္ဘောနှစ်စီးကို နောင်မိုအထက်ဘက်၌ရပ်နားခဲ့ကာ ယနေ့ ညနေ ၄ နာရီခွဲ့ခန့်၌ နှစ်စီး တွဲကာ ပြန်ဆန်တက်လာပြီး စင်းခန်းဆိပ်ကမ်းသို့ရောက်ရှိရပ်နားနေကြောင်း သိရသည်။

စစ်သင်္ဘောသုံးစီးပါဝင်သည့် သင်္ဘောကိုးစီးအုပ်စုသည် ဇူလိုင် ၂၆ ရက်နေ့တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ် ကမ်းမှစတင်ထွက်ခွာလာပြီး  ဩဂုတ် ၇ ရက်နေ့က ရွှေကူမြို့နယ်သို့ ဝင်ရောက်ချိန်၌  ကာကွယ်ရေးတပ် များမှပစ်ခတ်ခဲ့သဖြင့် သင်္ဘောတစီးထိခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောကို ရွှေကူဆိပ်ကမ်း၌ ပြန်လည်ပြုပြင်နေစဉ် ခြေလျင်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်း ဘေးရှိ ဆင်တပ်၊ ရေလဲ၊ မိုးစစ်၊ သင်္ဘောအင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သောကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း မြို့ခံများကပြောသည်။

ရွှေကူဆိပ်ကမ်း၌ ကိုးရက်ခန့်ရပ်နားထားသည့် စစ်သင်္ဘောသုံးစီးပါသင်္ဘောကိုးစီးအုပ်စုသည် ယနေ့ နံနက်ပိုင်းတွင် ဗန်မော်မြို့သို့ဆန်တက်နေခြင်းဖြစ်ပြီး မြို့လှ K-PDF တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

#ဧရာဝတီမြစ်
#စစ်သင်္ဘော
#ဒုတိယမြစ်ကျဉ်း

#Hard news

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly