ဆားလင်းကြီးမြို့နယ် ရွှေကုန်းထိပ်အနီးတွင် စစ်ကောင်စီတပ် ဖလက်ရေယာဉ်များ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
16 August 2023
ဆားလင်းကြီးမြို့နယ် ရွှေကုန်းထိပ်အနီးတွင် စစ်ကောင်စီတပ် ဖလက်ရေယာဉ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီး မြို့နယ် ၊ ရွှေကုန်းထိပ်အနီး ချင်းတွင်းမြစ်ကြောင်းတွင် ရေစကြို ဘက်မှ ဆန်တတ်လာသည့် စစ်ကောင်စီတပ် ဖလက်ရေယာဉ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter (Salingyi) တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

“ စစ်ကောင်စီတပ် ရေယာဉ် အုပ်စုကို ရှေ့ထွက်ပြောင်းတိုက်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။ စစ်ကောင်စီတပ် အမြန်ရေယာဉ်တွေ ထိမှန်ခဲ့ပြီး စစ်သားထိခိုက်မှုရှိနိုင်ပေမဲ့ အသေးစိတ် မသိရသေးဘူး “ ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) နှင့်တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ၎င်း ဖလက်ခွံ လေးစီး နှင့် စစ်သင်္ဘောတစီး ပါဝင်သည့် စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို ဆားလင်းကြီး မြို့နယ် ညောင်ပင်ကြီး ကျေးရွာ အနီးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြန်မာ တော်ဝင်နဂါး တပ်တော် (MRDA) ထံမှလည်း သိရသည်။

“ကျနော်တို့ဘက်က ၄၀ မမ ၊ ၆၀ မမ တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ပွိုင့် 5 သေနတ်တွေ တပ်ဆင်ထားတဲ့ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု MRDA သတင်းနှင့်ပြန်ကြားရေး က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ၊ ဒေါင်းရာဇာ ပြောက်ကျားတပ်ဖွဲ့ ၊ SGF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

၎င်း ဖလက်ရေယာဉ်များသည် မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီး ၊ ယင်းစစ်သင်္ဘောများရန်ကြောင့် တဖက်ကမ်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူ ၈,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly