ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းရှိ စစ်ကောင်စီတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်

By လွှမ်းမိုး(မဇ္ဈိမ)
16 August 2023
ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းရှိ စစ်ကောင်စီတပ်ကို ၁၀၇ မမဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မြောက်ခြမ်းရှိ ၊ စည်သူ သစ်ကွင်းတွင် သစ်ထုတ်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ULF(မဟာမိတ် တပ်ပေါင်းစု) Comrade စစ်ကြောင်းထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဩဂုတ်လ ၁၃ ရက် ညနေ ၄ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုရှိနိုင်ကြောင်း ULF သတင်းနှင့်ပြန်ကြားရေးက ဆိုသည်။

“ ၁၀၇ မမ ရှော့တိုက်ဒုန်း ကို အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ တပ်သားများရှိရာ နေရာကို တိတိကျကျ ပစ်ခတ်နိုင်ခဲ့တဲ့အတွက် စစ်သား သေဆုံးမှုရှိနိုင်ပါပေမဲ့ အသေးစိတ် အတည်မပြုနိုင် “ ဟု ၎င်း ကဆိုသည်။

ထိုတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေး တပ်ပေါင်းစု (ULF) မှ Comrade စစ်ကြောင်း ၊ KLG စစ်ကြောင်း နှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်း သစ်ကွင်းနေရာ၌ ဩဂုတ်လ ၆ ရက်နေ့ တွင် စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ဒေသကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly