ဒေသတွင်း အာဆီယံအုပ်စုအတွက် မြန်မာနိုင်ငံက ရှည်ကြာသည့် နိုင်ငံရေး ပဋိပက္ခသည် ဝန်ပိနေစေလျက် ရှိကာ မြန်မာစစ်ကောင်စီအနေဖြင့် ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်လိမ့်မည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ရှိ သံတမန်သတင်းရင်းမြစ်အရ သိရသည်။
အဓိက အာဆီယံနိုင်ငံများသည် မြန်မာစစ်ကောင်စီအား ထိပ်သီးအစည်းအဝေးများနှင့် အခြားသော အစည်းအဝေးများတွင် ပါဝင်ခွင့် ငြင်းပယ်ထားခြင်းနှင့်အတူ နေပြည်တော်ရှိ စစ်ကောင်စီ ခေါင်းဆောင်များက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရနိုင်မည်မဟုတ်ဟု နားလည်ခြင်းအားဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိနိုင်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရအား ဖြုတ်ချပြီး အာဆီယံ၏ ပဋပက္ခ ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုများကိုလည်း ဖီဆန်လျက် ရှိသည်။
အာဆီယံဥက္ကဋ္ဌ တာဝန်ကို မူအားဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံကြား၌ အက္ခရာစဉ်အားဖြင့် တနှစ်တကြိမ် အလှည့်ကျ တာဝန်ယူရခြင်း ဖြစ်သည်။ အင်ဒိုနီးရှားက ယခုနှစ်၏ အာဆီယံ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၂၄ တွင် လာအိုနှင့် ၂၀၂၅ တွင် မလေးရှားတို့က တာဝန်ယူရမည် ဖြစ်သည်။
မြန်မာ တာဝန်ယူရမည့် အလှည့်ကို ကျော်လွှားဖြစ်လျှင် ၂၀၂၆ အာဆီယံဥက္ကဋ္ဌ၏ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ရယူဖြစ်ဖွယ် ရှိသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့တွင်းသို့ ၁၉၉၇ ခုနှစ်တွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရလက်ထက်၌ ၂၀၀၆ ခုနှစ်၏ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ယူရရန် ရှိခဲ့သော်လည်း ဥရောပ၊ အမေရိကန်နှင့် အခြားသော နိုင်ငံများ၏ ကန့်ကွက်ခြင်းများကို တုံ့ပြန်ပြီး အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်မယူကြောင်းကို တနှစ်အလိုတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ အရပ်သားအစိုးရသို့ တိုတောင်းသည့် အသွင်ပြောင်းသည့်နောက် ၂၀၁၄ တွင် ပထမဆုံး အာဆီယံဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ခြင်း ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ နိုင်ငံက အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အဖွဲ့ကြီး ပြင်ပက အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ အပါအဝင် နိုင်ငံများပါ ပါဝင်သည့် အခြားသော အစည်းအဝေးများကိုပါ အိမ်ရှင်အဖြစ် ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမည့် အရေးနှင့် ပတ်သက်ကာ သံတမန်ရေး ပွတ်တိုက်မှုများနှင့် တင်းမာမှုများအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။
(မိုးသဲ ဘာသာပြန်သည်။)