ယင်းမာပင်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

By လွှမ်းမိုး (မဇ္ဈိမ)
16 August 2023
ယင်းမာပင်တွင် စစ်တပ်လက်နက်ကြီးကြောင့် ကလေး ၁ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
ပျက်စီးသွားသည့် အိမ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေကုန်းကျေးရွာမှ အသက်ရှစ်နှစ်အရွယ်ကလေးငယ် တဦးသေဆုံးပြီး ပြည်သူ ခုနစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ဩဂုတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပေကုန်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ပြီး နေအိမ် နှစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။ 

“စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ရွာတွေဘက်ကို ဦးတည်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်"ဟု အဆိုပါ ဒေသခံကပြောသည်။

သေဆုံးသွားသည့် ကလေးငယ်
 


သေဆုံးသွားသောကလေးငယ်၏ နာရေးကို ယနေ့ဩဂုတ်လ ၁၆ရက် ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူများသည် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်။

ယင်းမာပင်မြို့နယ်တွင် ယခုရက်ပိုင်း၌  ဝမ်ပေါင်ကုမ္ပဏီနှင့် အမှတ်-၂၈ ရဲတပ်ရင်းမှ  လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

“ လက်နက်ကြီးတွေနဲ့ နေရော ညပါ ပစ်ခတ်နေတာကြောင့် ကိုယ့်အိမ်မှာကိုယ်နေရတာ ကျီးလန့်စာစား ဖြစ်နေရတာ။ ရွာတွေဘက်ကို ဦးတည်ပြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်လာတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေရတာ ဖြစ်တယ်" ဟု ဒေသခံတဦးက‌ ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးရန်‌ကြောင့် ယင်းမာပင်မြို့နယ် ကံ့ကုန်း၊ ဒုံးတော၊ ဂုဏ်တော၊ ကျေးစာကျ၊ ရွှေပေကုန်းနှင့်ဘိန်းနွယ်ချောင်ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required