အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းတို့ ပူးပေါင်းကာ ( ၅ ) ကြိမ်မြောက် ခေတ်လူငယ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
"နေဝင်းလက်ထက်ကစလို့ ဒါကျက်၊ဒါဖြေ ကျောင်းသူကျောင်းသားတွေ လွတ်လပ်စွာ တွေးခေါ်လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ မျက်စိပိတ်၊နားပိတ်ခေတ်ကို နွေဦးတော်လှန်ရေးမှာ တပါတည်းရိုက်ချိုးဖျက်ဆီးပစ်နေပါပြီ။ ဒီခေတ်လူငယ် နောင်လူကြီးဖြစ်လာလို့ ကိုယ့်သားသမီး၊မြေးတွေကို ကြီးလာရင် အင်ဂျင်နီယာလုပ်၊ ဆရာဝန်လုပ်ဆိုတဲ့ ပုံသေနံရံကြီးတွေကို ဖြိုချဖို့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စတဲ့ ဘာသာရပ်အခြေခံတွေကို လေ့လာ၊ လေ့လာပြီးမျှဝေ၊ မျှဝေရင် တည်ဆောက်ကြဖို့ ရည်ရွယ်ပါတယ်" ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ ဥက္ကဋ္ဌက မဇ္ဈိမကို ပြောသည်။
ထိုသင်တန်းမှာ ရေဘဝဲအဖွဲ့ ၏ တော်လှန်ရေးလုပ်ငန်းစဥ် လေးခုအနက် တခုဖြစ်ပြီး အခမဲ့ ဖွင့်လှစ်ခြင်းဖြစ်ကာ နိုင်ငံသားများနေဖြင့် သိထားသင့်သည့် ပြည်သူ့နီတိ၊ ဟစ်အော်ကြွေးကြော်နေကြသော လူ့အခွင့်အရေး၊ လူငယ်များကြား ရေပန်းစားနေသည့် ကျားမတန်းတူညီမျှမှု၊ ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတွင် သိထားသင့်သည့် နိုင်ငံရေးပညာမိတ်ဆက်၊ လူနေမှုဘဝတွင် ကြုံတွေ့နေရသော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စသည့် နိုင်ငံသားတိုင်း လေ့လာသင့်သည့် ဘာသာရပ်အခြေခံများကို မျှဝေသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းအမှတ်စဥ် တစ်ခုလျှင် တက်ရောက်သူဦးရေ ၃၀ ရှိခဲ့ပြီး အသက်အရွယ်အားဖြင့် ၁၆ နှစ်မှ ၂၅ နှစ်အထိ ကန့်သတ်ထားသော်လည်း သင်ယူလေ့လာလိုသူတိုင်းကို ကြိုဆိုလက်ခံနေကြောင်း ၎င်းကဆိုသည်။
ရန်ကုန်သပိတ် ရေဘဝဲလူငယ်များ မြေပြင်လုံခြုံရေးအရ နှင့် အဖွဲ့ အတွင်းစည်း ခိုင်မာရေးတည်ဆောက်ကာ အင်အားပြန်ယူရသည့် အချိန်အခါမျိုးတွင် အနားမယူဘဲ အခြားသော တော်လှန်ရေးတာဝန်တစ်ခု ထမ်းရွက်နေသည့် သဘောဖြင့် ထိုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။စာတည်း။ ။အောင်ကျော်ဖြိုး