ရိုဟင်ဂျာ ၁၅၀ နီးပါး မွန်ပြည်နယ်တွင် ဖမ်းဆီးခံရ

ရိုဟင်ဂျာ ၁၅၀ နီးပါး မွန်ပြည်နယ်တွင် ဖမ်းဆီးခံရ
Photo: AFP

နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသည်ဟု ယူဆရသည့် ရိုဟင်ဂျာ ၁၅၀ ဦးနီးပါးကို မြန်မာစစ်ကောင်စီ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတဦးက ဩဂုတ် ၁၅ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

မြန်မာတွင် ရိုဟင်ဂျာ မွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကျူးကျော်ရောက်ရှိသည့် သူစိမ်းများအဖြစ် ရှုမြင်ခံရသည်။ ၎င်းတို့သည် နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ခံထားရသလို ခရီးသွားလာရန်အတွက် ခွင့်ပြုချက်တောင်းရန် လိုအပ်သည်။

မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတို့အပေါ် ဖြိုခွင်းနှိမ်နင်းမှုတရပ် လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် နှစ်စဉ်ဆိုသလို ထောင်နှင့်ချီသော ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာရှိ ကမ့်စခန်းများမှ မွတ်စလင် အများစု နေထိုင်ရာ မလေးရှားနှင့် အင်ဒိုနီးရှားသို့ ရောက်ရှိစေရန် အလွန်အန္တရာယ်များသော ခရီးများကို သက်စွန့်ကြိုးပမ်း ထွက်ခွာမှုများ ရှိနေကြသည်။

ရိုဟင်ဂျာ အမျိုးသား ၁၂၇ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့သည် မွန်ပြည်နယ်တောင်ပိုင်း ဝဲခမိကျေးရွာအနီးတွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။

“အဲဒီနောက်ပိုင်း သူတို့တွေကို ထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြတ်ကျော်စိန်က အေအက်ဖ်ပီကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရိုဟင်ဂျာ သိန်းချီ ထွက်ပြေးခဲ့ကြရသည့် ၂၀၁၇ ဖြိုခွင်းနှိမ်နင်းမှုနောက်ပိုင်း မြန်မာသည် ကုလသမဂ္ဂ အဆင့်မြင့်တရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရိုဟင်ဂျာ ၅၀ ခန့် လိုက်ပါလာသော လှေတစီး မြန်မာ့ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် အလောင်း ၁၇ လောင်းကို ပြန်ရှာတွေ့သော်လည်း ကျန်သူများမှာ ပျောက်နေဆဲဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစစ်ကောင်စီသည် ရိုဟင်ဂျာ ဒုက္ခသည်များ နေရပ်ပြန်ရေး စတင်ရန် အားထုတ်မှုများကို ဆွေးနွေးထားခဲ့သည်။ သို့သော် အခြေအနေများက ရိုဟင်ဂျာတို့ နေရပ်ပြန်ရန် ဘေးကင်းလုံခြုံမှု မရှိသေးဟု ပြီးခဲ့သည့် လက ကုလ လူ့အခွင့်အရေးသံတမန်တဦးက ပြောသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချ၊အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် ဖရိုဖရဲ အခြေအနေအောက် ကျရောက်နေခဲ့သည်။

Myanmar arrests nearly 150 fleeing Rohingya
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly