လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အများအပြား ထိခိုက် သေဆုံး၍ ဆုတ်ခွာထွက်ပြေး

By သွင်ထူးဈာန် (မဇ္ဈိမ)
15 August 2023
လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အများအပြား ထိခိုက် သေဆုံး၍ ဆုတ်ခွာထွက်ပြေး
ပုံအညွှန်း - လက်ခတ်တောင်တိုက်ပွဲတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်သား

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ယနေ့ ဩဂုတ်လ ၁၅ရက်နေ့ နံနက် ၄နာရီဝန်းကျင်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။ 

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် လက်ခတ်တောင် တောင်ခြေအနီးတွင် လုံခြုံရေးယူထားသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ ထိခိုက်သေဆုံးမှုများပြီး နောက်ဆုတ်ထွက်ပြေးခဲ့ရကြောင်း သိရသည်။ 

“ရန်သူ့ဘက်က ခွေးသေဝက်သေပဲ၊ တော်တော်များတယ်၊ နယ်မြေမရှင်းရသေးတော့ အရေအတွက်အတိအကျမသိသေးဘူး၊ အနီးအနားမှာတင် လက်နက် ၁၀ လက်ရထားတယ်”ဟုကော်ဘရာစစ်ကြောင်း(၁) တပ်ခွဲ(၅)မှ တပ်ခွဲမှူးရဲဘော်ကိုရှိုင်းမှ ပြောသည်။ 

ယနေ့နံနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGFတို့  ၃၀ ကျော်သေဆုံးခဲ့ပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှသိရသည်။ 

“မနက်ကတိုက်ပွဲမှာ တပ်နဲ့ BGFဘက်က ၃၀ကျော်သေတယ်၊ အလောင်းပြန်ပါတာ ၁၀ကျော်ပဲ၊ ထိခိုက်ကလည်း များတယ်၊ မေတ္တာလင်းမြိုင်ရွာကနေ BGFကားနဲ့ တပ်ဆေးရုံးကို ပို့ထားရတယ်”ဟု  တပ်တွင်းသတင်းအရင်းအမြစ်မှ ပြောသည်။ 

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ပြီး ရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။  လက်ခတ်တောင် အနီးရှိ မေတ္တာလင်းမြိုင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်မှ ပိတ်ဆို့ထားပြီး ကျေးရွာသားများကို အဝင်မခံခဲ့ကြောင်း ဒေသခံများမှပြောသည်။

 “ လက်ခတ်တောင်စခန်း သိမ်းခံရတော့ စစ်သားတွေ အမိုးတို့ ရွာထဲရောက်ကြတယ်၊ နောက်တော့ ရွာခံတွေကို ရွာဝင်ရွာထွက် ကဒ်လုပ်ပေးတယ်၊ ကဒ်ပြမှ ဝင်လို့ရတယ်ပေါ့၊ အခုတော့ ရွာမှာ မနေခိုင်းတော့ဘူး၊ အမိုးတို့ အိမ်တွေမှာ စစ်သားတွေ နေနေကြတယ်၊ ရွာက ဘုန်းကြီးကျောင်းမှာလည်း အမြောက်တွေထောင်ပြီး ပစ်နေတာရှိတယ်”ဟု မေတ္တာလင်းမြိုင် ဒေသခံတဦးမှ ပြောသည်။

 မြဝတီ- မေတ္တာလင်းမြိုင်လမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် BGFတို့မှ ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေပြီး ငွေကြေးတောင်းယူမှုများရှိနေကြောင်းသိရသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးယူထားသည့်နေရာများကို စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ခမရ(၃၅၅)၊ ခလရ(၂၇၅)နှင့် မြဝတီမြို့အနီးရှိ ထိုင်တော်မူဘုရားကုန်းဘက်မှ လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ၊ ၁၂၀မမ၊ ဟောက်ဝစ်ဇာ၊ အတွဲလိုက်ပစ် မစ်ဇိုင်းများဖြင့် အကြိမ်ရေ ၁၀၀နီးပါး  နံနက် ၁၁နာရီထိ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

 စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အများအပြား ပစ်ကူပေးနေသည့်အပြင် နံနက် ၁၀နာရီဝန်းကျင်တွင် လက်ခတ်တောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် လေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၀နာရီခွဲ ဝန်းကျင်တွင် Mi35တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြင်းထန်တိုက်ပွဲသည် နေ့လယ် ၁၁နာရီဝန်းကျင်တွင် ငြိမ်သက်သွားကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ယခုညနေအချိန်အထိ ရမ်းသန်းပစ်ခတ်မှုများရှိနေသည်။ 

ယင်း လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဇူလှိုင်လ ၂၁ရက်နေ့တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ပြန်လည်သိမ်းယူနိုင်ရန် ၁၀ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများကာ တပ်ဆုတ်ခဲ့ရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required