ရေးမြို့တွင် တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားခံရ 

By ဂျူချန်း (မဇ္ဈိမ)
15 August 2023
ရေးမြို့တွင် တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားခံရ 
ဓါတ်ပုံ-ဖယ်ရှားခံရမည့် အဆောက်အဦးများ

မွန်ပြည်နယ်၊ ရေးမြို့နယ်အထွက်ရှိ တည်းခိုခန်းအပါအဝင် နေအိမ်နှင့်ဆိုင်ခန်းများ ဖယ်ရှားပေးရန် ဌာနဆိုင်ရာမှ လာရောက်ပြောကြားသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ပေ ၅၀ နောက်ဆုတ်ခိုင်းတယ်။ မြေစာရင်းက လာပြောတာ နှစ်ရက်သုံးရက်ရှိပြီ” ဟု ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမ ကို ပြောသည်။ 

ရေးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည်ဖြစ်သောကြောင့် ရေးမြို့ အနောက်ဘက်ခြမ်း မီးရထားလမ်းအကျော် အဘော်ကျေးရွာသို့ သွားသည့် လမ်းမပေါ်ရှိ အဆောက်အဦများအား ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ဌာနဆိုင်ရာမှ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

“လယ်မြေတော့မဟုတ်ဘူး၊ အဲ့နားမှာ တည်းခိုခန်းရှိတယ်။ ကုန်ခြောက်ရောင်းတဲ့ ဆိုင်ရှိတယ်။ ပြီးတော့ ကားဝေါ့ရှော့တခုရှိတယ်။ နောက်ဟိုဘက်ခြမ်းမှာ ဘဲဥဆိုင်ရယ်၊ ပြီးတော့ စားသောက်ဆိုင်ရယ်ရှိတယ်။ စာကပ်ထားတာတော့ သုံးလေးလရှိပြီ” ဟု အခြားဒေသခံတဦးက မဇ္ဈိမ ကို ပြောသည်။

ရေးမြို့အနောက်ဘက်ခြမ်း မီးရထားလမ်းအကျော်ရှိ အဆောက်အဦများသည် လမ်းနယ်နိမိတ်နှင့် မလွတ်သဖြင့် ပေ ၅၀ ခန့် နောက်ဆုတ်ကာ ဖယ်ရှားပေးရန် ပြီးခဲ့သည့် ဇွန်လဒုတိယအပတ်ခန့်က “ဆန်းမြတ်ထွန်း” တည်းခိုခန့်အရှေ့တွင် ဆိုင်းဘုတ်အနီရောင် လာရောက်စိုက်ထူထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ်၊ လမိုင်းမြို့နှင့် ခေါဇာမြို့များရှိ ထွေအုပ်ရုံးများအပါအဝင် စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးအများစုကို ပိတ်ထားရပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံးဝန်ထမ်းများသည်လည်း ရေးမြို့နယ်သို့ အရပ်ဝတ်ဖြင့် ရုံးတက်နေရခြင်းများရှိသဖြင့် ရေးမြို့နယ်တွင် အစိုးရရုံးများ တိုးချဲ့တည်ဆောက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly