စစ်အုပ်ချုပ်ရေးကြေညာပြီး​နောက် မြို့နယ် ၄၀ တွင် လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့

By 001 (မဇ္စျိမ)
15 August 2023
စစ်အုပ်ချုပ်ရေးကြေညာပြီး​နောက် မြို့နယ် ၄၀ တွင် လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့
ဓာတ်ပုံ- တိုက်လေယာဉ် နှစ်စီးကိုတွေ့ရစဉ်

၂၀၂၃ခုနှစ် ​ဖေ​ဖော်ဝါရီလအတွင်း စစ်အုပ်ချုပ်ရေးကြေညာခံရသည့် မြို့နယ် ၄၀ တွင် ပြီးခဲ့သည့် မတ်လမှ မေလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု စံချိန်တင်မြင့်မားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ဩဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ မြို့နယ် ၄၀ တွင် နှစ်နှစ်ကျော်(၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇွန်လကုန်)အတွင်း ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက် အဆိုပါ မြို့နယ်များတွင် မတ်လမှ မေလအတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေအိမ်အဆောက်အအုံမီးရှို့ခံရမှုများလျော့ကျခဲ့သော်လည်း ဇွန်လတွင် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရကြောင်းလည်း ISP Myanmar ကဆိုထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့်မြို့နယ် ခုနစ်မြို့နယ်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်း၊ ကယား(ကရင်နီ)၊ ချင်း၊ ပဲခူး၊ မကွေး၊ ကရင်၊ မွန် နှင့် တနင်္သာရီတို့ရှိ မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ထပ်တိုးကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင်လည်း ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘော်လခဲမြို့နယ်တို့တွင် ဖေဖော်ဝါရီလကစပြီး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည်။

အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာသည့်မြို့နယ်များတွင် တိုက်ပွဲပိုမိုဖြစ်ပွားမှုရှိသကဲ့သို့ စစ်အုပ်ချုပ်ရေးမထုတ်ပြန်သော်လည်း ကရင်နီပြည်နယ်ရှိ နေရာအများစုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်​ထောင်သူ ကိုဗညားကပြောသည်။

“အထူးသဖြင့် စစ်ဘေးရှောင်ရွာတွေကို ​လေ​ကြောင်းတိုက်ခိုက်မှုပိုလုပ်ခဲ့တာကတော့ ဖရူဆိုမြို့နယ်ထဲမှာ ပိုလုပ်သွားတယ်လို့ပြောလို့ရတယ်။ အဲ့ဒီမှာ သုံးကြိမ်၊ လေးကြိမ်အထိ ရွာနှစ်ရွာ သုံးရွာကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။ အသေအပျောက်လည်းရှိခဲ့တယ်။ မာရှယ်လော ကြေညာတဲ့မြို့နယ်ထဲမှာဆိုရင် ဖရူဆိုကတော့ တကယ့်ကို လူထုတွေရှိတဲ့ရွာတွေ တခါမှလည်း စစ်မဖြစ်တဲ့ရွာတွေကို ဗုံးကြဲတာကတော့ ဖရူဆိုမြို့နယ်ထဲမှာဖြစ်တယ်။ နောက်ပြီးတော့မှ ဘော်လခဲမှာ တိုက်ပွဲဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဒီဖားဆောင်းရွာတွေမှာ ဗုံးကြဲတိုက်ခိုက်လို့ လူ သုံးလေးယောက်ပေါ့နော်။ တပြိုင်တည်းဆုံးတဲ့ဟာ​တွေလည်း ရှိခဲ့ဖူးပါတယ်”ဟု ဆိုသည်။

ထို့ပြင် ယခု ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုများ နေ့စဉ်ရှိနေပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကတ်သလစ်ဘုရားကျောင်းအပါအဝင် နေအိမ်အများစုပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယခုဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာနေခြင်းဖြစ်ပြီး ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားအချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီအုပ်ချုပ်မှု သက်တမ်းကို ထပ်တိုးထားသည့်အတွက် တိုက်ခိုက်မှုများ ပိုမိုမြင့်မားလာနိုင်ချေရှိနေကြောင်း ISP Myanmar ကသုံးသပ်ထားသည်။

စစ်တပ်က အာဏာသိမ်းချိန်မှစ၍ နှစ်နှစ်နှင့် ​လေးလအတွင်း သုံးရက်တွင် တရက်နှုန်း ​လေ​ကြောင်းတိုက်ခိုက်မှုပြုလုပ်​နေ​ကြောင်း ဥာဏ်လင်းသစ်သု​တေသနအဖွဲ့ကလည်း ပြီးခဲ့သည့် ​မေလအတွင်းက ထုတ်ပြန်ခဲ့ဖူးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required