လယ်များအတွင်း ရွှေခရုဝင်ရောက်မျိုးပွားမှုမြန်ဆန်နေ၍ ပျက်စီးဆုံးရှုံးမှုများပြား

By ရွှေနွယ်( မဇ္ဈိမ )
15 August 2023
လယ်များအတွင်း ရွှေခရုဝင်ရောက်မျိုးပွားမှုမြန်ဆန်နေ၍ ပျက်စီးဆုံးရှုံးမှုများပြား
ပုံအညွှန်း - လယ်အတွင်းမှကောက်ယူထားသည့်ရွှေခရုများ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးနေသည့် လယ်ယာမြေများအတွင်း ရွှေခရုများဝင်ရောက်၍ မျိုးပွားနှုန်းမြန်ဆန်နေသည့်အတွက် အဖျက်အားကောင်းကာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံလယ်သမားများထံမှသိရသည်။

ယခင်ကလည်း လယ်များအတွင်း ရွှေခရုဝင်ရောက်ဖျက်ဆီးမှုများရှိခဲ့သော်လည်း လက်ရှိတွင် မျိုးပွားနှုန်းမြန်ဆန်ကာ အဖျက်အားကောင်းနေသည့်အတွက် ဆေးဖြန်း၍ပင်မနိုင်အောင် ဖြစ်နေသည်ဟု သိရသည်။

“ခရုပြဿနာကို ဒီလောက်တခါမှမကြုံဖူးဘူး။ တော်တော်ဆိုးနေတယ်။ ဆေးလည်းမနိုင်ဘူး။ တချို့လယ်တွေဆို စိုက်လိုက် ကိုက်ဖျက်လိုက်နဲ့ဖြစ်နေလို့ ပြန်မစိုက်တော့ဘူး အလွတ်ထားတဲ့လယ်တွေတင် မနည်းတော့ဘူး” ဟု မင်းလှမြိို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။

လက်ရှိတွင် ရွှေခရုပြဿနာကို ကြီးကြီးမားမားရင်ဆိုင်နေရသော လယ်များသည် ဆည်ရေကိုအသုံးပြုရသည့်လယ်များဖြစ်ပြီး ရေကြောအရ ထိုသို့ဖြစ်ပွားလာသည်ဟု ယူဆကြောင်းနှင့် မျိုးကြဲစိုက်ပျိုးသော လယ်များတွင် အပင်စထွက်လာသည့်အချိန်တိုင်း ဖျက်ဆီးခံနေရသဖြင့် ပျိုးထောင်ကာ ပြန်ချနေကြရကြောင်း သို့သော်လည်း ဖျက်ဆီးခံနေရဆဲဖြစ်ကြောင်း ၎င်းမှပြောသည်။

မင်းလှမြို့နယ်အတွင်း လှည်းပြင်တင်ရွာ၊ ကြံတိုင်းအောင်ရွာ၊ လက်ဆက်ရွာ၊ တယ်ပင်ကုန်း၊ တယ်ပင်ကျော၊ စိန်ကန့်လန့်၊ ရှမ်းစု၊ သရက်တပင်၊ ဆင်ပချပ်၊ ကုလားကုန်းအပါအဝင် ကျေးရွာအများအပြား ကြုံတွေ့နေကြရကြောင်းသိရသည်။

“ငွေတတ်နိုင်တဲ့သူတွေ လယ်ဧက လေးငါးဆယ်ပိုင်သူတွေက အခု ခရုအကောက်ငှားပြီး ကောက်နေကြတယ်။ ဒါပေမယ့် မနိုင်ပါဘူးဗျာ။ စရိတ်ကလည်းမသေးဘူး၊ တမနက် ကောက်ရင် တစ်ယောက်ကို သုံးထောင်လောက်ပေးရတယ်။ ကျွန်တော်တို့ရွာနားတင် ပြန်မစိုက်တော့ဘူး အလွတ်ထားထားတဲ့လယ် ဧကရာချီနေပြီ” ဟု မင်းလှဒေသခံ လယ်သမားမှပြောသည်။

ထို့ပြင် လက်ပံတန်းမြို့နယ်တွင်လည်း မိုးကြီး၍ ရေဝင်ထားသည့်လယ်များတွင် အဆိုပါ ရွှေခရုအန္တရာယ်ကို ကြီးကြီးမားမားကြုံတွေ့နေကြရကြောင်း လက်ပံတန်းဒေသခံ လယ်သမားတစ်ဦးကလည်း ပြောသည်။

“လယ်ထဲရေမဝင်ခင်ကလည်း ရှိနေတယ်။ လယ်ထဲရေဝင်ပြီးတဲ့နောက်မှာ တော်တော်ကိုပိုများလာတာ ပျက်တာမှနည်းတာမဟုတ်ဘူး၊ ဧကတွေ ရာနဲ့ချီတယ်။ ပျက်လို့ မျိုးပြန်ချ ပြန်စိုက်ဆို တဧက လေးငါးသိန်းပြန်ထွက်တာပေါ့ဗျာ” ဟု လက်ပံတန်းမြို့ဒေသခံလယ်သမားမှပြောသည်။

လယ်အတွင်းရေဝင်ရောက်မှုများသည့် ရွာများဖြစ်သည့် ရင်းတိုက်ကွင်းရွာနှင့် ညောင်ဝိုင်းရွာအပါအဝင် ကျေးရွာအများအပြားရှိ လယ်ပိုင်ရှင်များ အဆိုပါ ပြဿနာကိုကြုံတွေ့နေကြရသည်ဟု ဆိုသည်။

အလားတူ နတ်လင်းမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် သာယာဝတီခရိုင်အတွင်းမြို့နယ်များမှ လယ်ပိုင်ရှင်များလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရွှေခရုပြဿနာနှင့်ပတ်သက်၍ စာများပုံများ မျှဝေထားကြသည်ကို တွေ့ရသည်။

“အစပိုင်းတော့ ခရုကောက်ကြပြုတ်စားကြပေါ့။ အခုက ကောက်မနိုင် စားမနိုင် ကောက်ရောင်းတဲ့သူတောင် လာမကောက်နိုင်တော့ဘူး” ဟု နတ်တလင်းဒေသခံမှလည်း ဆိုသည်။

အဆိုပါ ရွှေခရုအန္တရာယ်သည် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုကြုံတွေ့ရလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲခူးတိုင်းအတွင်း၌ပါ ကြီးကြီးမားမားကြုံတွေ့နေကြရခြင်းဖြစ်သည်။​

ရွှေခရုနှိမ်နင်းရေးတွင် လယ်အတွင်း ဝင်ရောက်နေသည့်ခရုအရေအတွက်၊ ပျိုးပင်သက်တမ်းများနှင့်နှိုင်းယှဉ်လျှင် လယ်မြေအတွင်း ရေဝင်ရောက်မှုအနည်းအများသည် ပိုမိုအရေးကြီးကြောင်း၊ ရွှေခရုသည် နွေစပါးကာလနှင့်နှိုင်းယှဉ်လျင် မိုးကာလ၌ ပို၍ မျိုးပွားမှု ဖျက်ဆီးမှုအား ပိုမိုကောင်းမွန်ကြောင်း၊ စိုက်ခင်းအတွင်း ရေပိုများနေလျှင် မျိုးပွားမှု ဖျက်ဆီးမှုအား ပိုကောင်းကြောင်း ၂၀၂၁ ခုနှစ်အတွင်း အစိမ်းရောင်လမ်းမှရေးသားတင်ဆက်သည့် ရွှေခရုကာကွယ်နှိမ်နင်းရေးအစီအစဉ်အတွင်း ရွှေခရုနှင့်ပတ်သက်၍သုတေသနများစွာပြုလုပ်ခဲ့သည့် ရွှေခရုပညာရှင်မှပြောကြားခဲ့ဖူးသည်။

ရွှေခရုနှိမ်နင်းရန် ထုံးကိုအသုံးပြုခြင်း၊ လယ်မြေအတွင်း ဘဲကျောင်းခြင်း၊ ခရုစုပ်ငှက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လက်ဖြင့်ကောက်ခြင်း၊ မျှားစာချခြင်း၊ ဥမျှားတိုင်ထောင်ခြင်းနှင့် ရေထွက်ပေါက်တွင် ပိုက်များဖြင့်တားခြင်းများ လုပ်ဆောင်နိုင်သည်ဟု အဆိုပါပညာရှင်မှပြောကြားထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly