တိုင်းနှင့်ပြည်နယ် ၅ ခု ထပ်မံ မိုးကြီးနိုင်

By ရောင်နီ (မဇ္စျိမ)
14 August 2023
တိုင်းနှင့်ပြည်နယ် ၅ ခု ထပ်မံ မိုးကြီးနိုင်
ပုံစာ - ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် သြဂုတ်လ ၇ ရက်နေ့က ပြိုကျပျက်စီးခဲ့သည့် အာရှလမ်းပိုင်းတစ်နေရာ။ (ပုံ - CJ)

ပဲခူးတိုင်းအပါအ၀င် တိုင်းနှင့်ပြည်နယ် ငါးခုတွင် ထပ်မံ မိုးကြီးနိုင်သည့်အတွက် သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။ 

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က သတိပေးထားရာ၌  ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် နောက်တကြိမ်ထပ်မံမိုး ကြီးနိုင်ကြောင်း  သတိပေးထားသည်။ မိုးများမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရေကြီး၊ရေလျှံမှုနှင့် မြေပြိုမှုဘေးများအတွက် အထူးသတိထား ပြင်ဆင်နေထိုင်ရန်လည်း MOHADM ကအသိပေးထားသည်။ 
 
ဩဂုတ်လဆန်းမှစတင်ကာ  မြန်မာနိုင်ငံအနှံအပြားတွင် မိုးကောင်းနေပြီး မြစ်ချောင်းများတွင်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်ခဲ့သည်။  ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းမှ မြို့နယ်အချို့တွင် ရေကြီးနစ် မြုပ်မှုကို ရင်ဆိုင်ခဲ့ရပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ကရင်ပြည်နယ်မှ အာရှလမ်းမကြီး၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်း နှစ်နေရာ၌မြေပြိုကျခဲ့ပြီး ယနေ့အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးပေ။ ဩဂုတ်လ ပထမလပတ်အတွင်း ရေဘေးကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၄၀,၀၀၀ခန့် ရေဘေးရင်ဆိုင်ခဲ့ရသည်။

စစ်ကောင်စီမိုးဇလဌာနက  တနင်္သာရီတိုင်းနှင့်ကချင်ပြည်နယ်တွင် မိုးပိုလာနိုင်ကြောင်းနှင့်  စစ်ကိုင်းတိုင်းအတွင်း ချင်းတင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့၊ ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၊ ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် ဘားအံမြို့များတွင် စိုးရိမ်ရေအထက်သို့ ရောက်ရှိနေကြောင်း ယနေ့ သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly