မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အတက် ၁ ရက်၊ အဆင်း ၁ ရက် အသွားအလာပြုလုပ်ရန် သတ်မှတ် 

By YT  ( မဇ္ဈိမ)
14 August 2023
မြဝတီ-ကော့ကရိတ် လမ်းဟောင်းကို အတက် ၁ ရက်၊ အဆင်း ၁ ရက် အသွားအလာပြုလုပ်ရန် သတ်မှတ် 
ဓါတ်ပုံ- Sett Paing Aung ပုံအညွှန်း- ဒေါနတောင်ပေါ်လမ်းဟောင်းပေါ်၌ ယာဉ်အသွားအလာများ ( ဩဂုတ်လ ၈ ရက်နေ့အခြေအနေ)

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် အတက်တရက်၊ အဆင်းတရက်ဖြင့် ယာဉ်များ အသွားအလာပြုလုပ်ရန်သတ်မှတ်လိုက်ကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းထံက သိရ သည်။

“လမ်းဟောင်းကို သတ်မှတ်လိုက်တာပါ ကားတွေပိတ်လို့။ မြဝတီကနေ ကော့ကရိတ်ကို ဒီနေ့ အဆင်းဆို ပြီး သတ်မှတ်လိုက်တယ်။ မနက်ဖြန်ကျရင် ကော့ကရိတ်ကနေ မြဝတီကို အတက်၊ အရင်ကလို ပြန်ဖြစ် သွားတာပေါ့။ ထို့ကော်ကိုးလမ်းကတော့ လမ်းဟောင်းသွားလို့ရနေတာကြောင့် အသွားအလာနည်းသွား တယ်”ဟု ဒေသတွင်းလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

မိုးရွာသွန်းမှုနှင့် တောင်ကျရေတိုက်စားမှုတို့ကြောင့် ဩဂုတ်လ ၆ ရက်မှစ၍ မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးပေါ်တွင် တောင်ပြိုမှု၊ လမ်းမြေပြိုကျမှုများ ဖြစ်ပွားနေပြီး လမ်းအသုံးပြု၍မရသဖြင့် ကူးသန်း သွားလာမည့် ယာဉ်ငယ်များမှာ မြဝတီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းအား ပြန်လည်အသုံး ပြုလာကြခြင်းဖြစ်သည်။

အဆိုပါ ဒေါနတောင်ပေါ်လမ်းဟောင်း၌ အိမ်စီးကားများနှင့် ဆိုင်ကယ်များကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားခြင်းဖြစ်ပြီး ကုန်တင်ယာဉ်များ သွားလာ၍မရသေးကြောင်း သိရသည်။

“အတက်ရော အဆင်းရော ယာဉ်တွေများတော့ လမ်းပိတ်တာပေါ့။ လမ်းကလည်းကျဉ်းတယ်၊ ကျဉ်းတော့ အတက်အဆင်းနှစ်ဖက်ဆုံသွားရင် ခရီးသွားရတာ ကြန့်ကြာတာပေါ့။ လမ်းကလည်း ရေတိုက်စားပြီး ပြို ထားတာတွေလည်းရှိတယ်လေ။ တချို့နေရာတွေဆို ကားတစီးစာပဲ သွားလို့ရတဲ့နေရာတွေလည်းရှိ တယ်” ဟု အဆိုပါ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးပေါ်၌ မြေပြိုမှုဖြစ်ပွားထားသည့် မြေစာပုံများအား ရှင်း လင်းထားပြီး မြေပြိုထားသောနေရာအား ပြုပြင်ရန်ကြိုးပမ်းနေကြဆဲဖြစ်ကာ ပြန်လည်အသုံးပြုနိုင်ရန် ကြာဦးမည်ဖြစ်ကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly