တရုတ်ခရီးသွားများအတွက် ဗီဇာပြဿနာများအား ဖြေရှင်းပေးရန် ထိုင်းအစိုးရကို တောင်းဆို

တရုတ်ခရီးသွားများအတွက် ဗီဇာပြဿနာများအား ဖြေရှင်းပေးရန် ထိုင်းအစိုးရကို တောင်းဆို

တရုတ်နိုင်ငံက ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခရီးသွားအဖွဲ့များကို ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်ခွင့် ပြုခဲ့သောကြောင့် ထိုင်းအစိုးရအနေဖြင့် တရုတ်ခရီးသွားအဖွဲ့များအတွက် ဗီဇာလျှောက်ထားမှုဆိုင်ရာ အတားအဆီးများကို ဖြေရှင်းပေးနိုင်ခြင်းမရှိပါက ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ဝင်ရောက်မှု လျော့ကျလာနိုင်သည်။ 

တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်တွင် ချမှတ်ခဲ့သော ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် သြစတြေးလျအပါအဝင် နိုင်ငံအများအပြားသို့ ခရီးသွားအဖွဲ့များ သွားလာခွင့်ပိတ်ပင်တားမြစ်ချက်ကို ယခုသီတင်းပတ်တွင် ရုပ်သိမ်းခဲ့သည်။ တရုတ်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးရန်လည်း တရုတ်က ဂျပန်နိုင်ငံကို ယခင်လက တောင်းဆိုခဲ့သည်။

ပြိုင်ဘက်နိုင်ငံများက ခရီးသွားအဖွဲ့များအတွက် တံခါးဖွင့်ထားချိန်တွင် ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်ကို ဖြေလျှော့ခြင်းသည် ပြည်ပခရီးသွားများအား ဆွဲဆောင်ရာတွင် အဓိကအချက်ဖြစ်သည်ကို သက်သေပြနိုင်ကြောင်း ထိုင်းခရီးသွားအေးဂျင့်များအသင်း(Atta)၏ ဂုဏ်ထူးဆောင် အထွေထွေအတွင်းရေးမှူး အာဒသ် ချိုင်ရာတန်နန်နွမ်က ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် တရုတ်ခရီးသွားဗီဇာအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လျှော့ချပြီး အတည်ပြုခြင်းလုပ်ငန်းစဉ်ကို ၇ ရက်အထိ ပြင်ဆင်ပေးထားသော်လည်း ခရီးသွားဈေးကွက် ပြန်လည် နာလန်ထူစေရန် မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ရှင်းရှင်းလင်လင်း မသိရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ ယခုနှစ်အတွင်း တရုတ်ခရီးသွား ၅ သန်း ဝင်ရောက်လာစေရန် လုပ်ဆောင်နိုင်မည်လားဆိုတာ သေချာမပြောနိုင်သေးကြောင်း အာဒသ်က ပြောကြားခဲ့သည်။

တရုတ်ခရီးသွား ဝင်ရောက်မှုသည် တစ်ရက်လျှင် ၃၀၀၀ မှ ၅၀၀၀ ကြားသာ ရှိသောကြောင့် ၂၀၁၉ ခုနှစ်တွင် တစ်ရက်လျှင် ခရီးသည် ၁၀၀၀၀ ကျော်ဝင်ရောက်ခဲ့မှုနှင့် နှိုင်းယှဉ်လျှင် ခရီးသွားအဖွဲ့ အရေအတွက် မဆိုစလောက်သာ တိုးတက်လာခြင်း ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု အရေအတွက် တိုးလာစေရန် ဗီဇာကြေး ယာယီကင်းလွတ်ပြုရေး Atta အသင်းက တောင်းဆိုထားသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ချင်းမိုင်မြို့ရှိ လုပ်ငန်းများ အထူးသဖြင့် ဟိုတယ်ငယ်လေးများ၊ ဘတ်စ်ကား ကုမ္ပဏီများနှင့် ခရီးသွားအဖွဲ့ကြီးများ တည်းခိုလေ့ရှိသည့် စားသောက်ဆိုင်အချို့က ၎င်းတို့၏ စီးပွားရေးကို ထောက်ကူကျားကန်နိုင်ရန် တရုတ်ခရီးသွားများကို စောင့်မျှော်လျက်ရှိကြောင်း ချင်းမိုင်ခရီးသွားကောင်စီဥက္ကဋ္ဌ ပန်လော့ပ် ဆယ်ဂျူးက ပြောကြားခဲ့သည်။ 

ယခုနှစ် နှစ်စပိုင်းမှစတင်၍ ချင်းမိုင်သို့ တရုတ်ခရီးသည်ပေါင်း ၁၂၀၀၀၀ ကျော် ဝင်ရောက်ခဲ့သည့် မှတ်တမ်းရှိသောကြောင့် ထိုင်းနိုင်ငံနှင့် ချင်းမိုင်မြို့တို့သည် တရုတ်ခရီးသွားများအတွက် ဦးစားပေး ရွေးချယ်စရာများတွင် ပါဝင်နေသေးသော်လည်း ဗီဇာကိစ္စအတားအဆီးများက ထိုင်းနိုင်ငံ၏ ဆွဲဆောင်နိုင်မှုကို လျော့ကျစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်သည့် အန္တရာယ်ရှိနေသောကြောင့် ပြည်ပသို့ ခရီးသွားရန် ပြည်သူများ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းဟိုတယ်များအသင်းက ဟိုတယ် ၉၁ လုံးအား စစ်တမ်းကောက်ယူခဲ့ရာ တရုတ်ခရီးသည်ဝင်ရောက်မှုသည် ယခုနှစ် နောက်ဆုံး ၃ လတွင် ၂၀၁၉ ခုနှစ်က အရေအတွက်၏ ၄၀ ရာခိုင်နှုန်းအောက်အထိသာ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း စစ်တမ်းဖြေဆိုသူ ၇၀ ရာခိုင်နှုန်းနီးပါးက ယူဆထားကြသည်။

တရုတ်ခရီးသွားများသည် ဂျပန်နိုင်ငံထက် လူနေမှုစရိတ်သက်သာသော ထိုင်းနိုင်ငံသို့ ပိုမိုသွားရောက်လည်ပတ်လိုစိတ်ရှိနိုင်ကြောင်း Nok Air လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ဝတ်သီဖွန်း ဂျုရန်ကူးလ်က ပြောကြားခဲ့သည်။ 

Thailand urged to fix Chinese visa issues
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly