မတည်မငြိမ်မှုများအကြား ပါကစ္စတန်တွင် ယာယီဝန်ကြီးချုပ် ခန့်အပ်

By ဘန်ကောက်ပို့စ်
13 August 2023
မတည်မငြိမ်မှုများအကြား ပါကစ္စတန်တွင် ယာယီဝန်ကြီးချုပ် ခန့်အပ်
Photo-AFP

ပါကစ္စတန်တွင် လူဦးရေအနည်းဆုံး ပြည်နယ်မှ လူသိနည်းသော လွှတ်တော်အမတ်တစ်ဦးကို ယာယီဝန်ကြီးချုပ်အဖြစ် ဩဂုတ် ၁၂ ရက်တွင် ခန့်အပ်တာဝန်ပေးလိုက်သည်။ ၎င်းသည် ကျင်းပရန် သုံးလခန့်သာ လိုတော့သည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံကို ဦးစီးကြပ်ကြပ်သွားရမည် ဖြစ်သည်။

ဘာလူချီစတန်ပြည်နယ်မှ အထက်လွှတ်တော်အမတ် အန်ဝါး- အယ်လ်-ဟက်ခ် ကက်ကာသည် လများကြာ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်မှုဒဏ်ခံထားရသည့် နိုင်ငံကို ပဲ့ကိုင်သွားရမည် ဖြစ်သည်။ လက်ရှိတွင် ယင်းနိုင်ငံ၏ ပေါ်ပြူလာအဖြစ်ဆုံး နိုင်ငံရေးသမား အီမရန် ခန်းသည် ထောင်ဒဏ်ကျခံနေရသည်။

ယခင်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ရာထူးစွန့်သွားသည့် ညွန့်ပေါင်းအစိုးရနှင့် အတိုက်အခံခေါင်းဆောင် ရာဂျာ ရီယာ့ဇ် အာမက်ဒ် တို့ ရွေးချယ်သော ယာယီ ဝန်ကြီးချုပ် ကက်ကာကို သမ္မတ အရစ်ဖ် အယ်လ်ဗီက အတည်ပြုပေးခဲ့သည်။

“ဝန်ကြီးချုပ် ဘယ်သူပဲ ဖြစ်သင့်၊ဖြစ်သင့် အဲဒီလူဟာ သေးငယ်တဲ့ ပြည်နယ်တစ်ခုကနေ လာတဲ့လူဖြစ်သင့်တယ်လို့ ကျွန်တော်တို့ ပထမဆုံး သဘောတူခဲ့ကြတယ်။ ဒါမှလည်း သေးငယ်တဲ့ ပြည်နယ်တွေရဲ့ မကျေနပ်ချက်တွေကို ကိုင်တွယ်နိုင်မှာဖြစ်တယ်” ဟု ရီယာ့ဇ်က ပြောသည်။

ပါကစ္စတန် ယာယီဝန်ကြီးချုပ် ဖြစ်လာသည့် အသက် ၅၂ နှစ်အရွယ် ကက်ကာသည် နိုဝင်ဘာတွင် ကျင်းပရန် စီစဉ်ထားသော အထွေထွေနှင့် ပြည်နယ် ရွေးကောက်ပွဲများ မတိုင်မီအထိ နိုင်ငံကို ဦးဆောင်ရမည် ဖြစ်သည်။ သို့သော် ထိုရွေးကောက်ပွဲများသည် လာမည့်နှစ်မတိုင်မီအထိ နှောင့်နှေးကြန့်ကြာလိမ့်မည် ဖြစ်ကြောင်း အရာရှိတချို့က ပြောထားသည်။

ကက်ကာသည် နိုင်ငံရေးလုပ်သက် နည်းပါးသလို ပါကစ္စတန်နိုင်ငံရေးတွင် ဩဇာသက်ရောက်မှု များစွာမရှိသော်လည်း ယင်းက ၎င်းအပေါ် ထောက်ခံမှု ရစေရာတွင် အလုပ်ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်သည့် ဟက်ဆန် အက်စ်ကာရီ ရစ်ဇ်ဗီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly