လက်ခတ်တောင်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား၂ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

By သွင်ထူးဈာန် (မဇ္ဈိမ)
12 August 2023
လက်ခတ်တောင်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား၂ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း
ပုံအညွှန်း-အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦး။(ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းမှ တပ်ဖွဲ့ဝင်နှစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ဩဂုတ်လ ၈ရက်တွင် လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။ 

တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူများသည် တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)မှ အသက် ၃၆နှစ်အရွယ် ဒုတပ်ကြပ်ဇော်မျိုးခိုင် နှင့် အသက်၂၃နှစ်အရွယ် တပ်သား အောင်မျိုးဇော် တို့ဖြစ်ကြောင်း သိရသည်။ 

“သူတို့မလာရဲဘူးလေ မလာရဲတာကို အတင်းလာခိုင်း။ အသက်မသေချင်တော့ ဒီအတိုင်းဘဲ လာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းတာပေါ့ 
မတော်မတရား ဖိနှိပ်တာတွေလည်းရှိမယ်ထင်တယ်။ မလာရဲတဲ့ဟာကို အာဏာနဲ့ခိုင်းပြီးတော့ “မင်းသွား မသွားရဲလို့မရဘူး”ဆိုတဲ့ဟာ အမိန့်အာဏာနဲ့ခိုင်းတော့ ဒီရဲဘော်တွေ ထွက်ပြေးတာပေါ့”ဟု ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။ 

လာရောက်ပူးပေါင်းသူများတွင် ၆၀မမကွန်မန်ဒိုစိန်ပြောင်း တလက်၊ ၆၀မမ ကျည် ငါးလုံး ၊ MA2 တလက်၊ ကျည်ဘောက် ငါးခုနှင့် MA2ကျည် ၁၅၀တောင့်တို့ ပါလာကြောင်း သိရသည်။ 

အဆိုပါ လာရောက်ပူးပေါင်းသူများကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

“သူတို့က လက်ခတ်တောင်ကို ဦးတည်ပြီးတော့ ထိုးနေတာဘဲ ထိုးလို့မရတဲ့ အနေထားမှာက ရှိသမျှလက်နက်ကြီးလက်နက်ငယ်နဲ့ အဲ့ဒီလက်ခတ်တောင်ကို ဦးတည်ပြီးတော့ပစ်တယ် ပစ်ပြီးတော့ တက်မလာရဲဘူး အခုထက်ထိပဲ”ဟု ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။ 

လက်ခတ်တောင်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က ဇူလိုင်လ၂၁ရက်တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လက်လွှတ်လိုက်ရသည့် လက်ခတ်တောင်စခန်းကုန်းကို ပြည်လည်ရယူရန်အတွက် စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံ တပ်ရင်းများက ဇူလိုင်၂၄ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေသော်လည်း ထိခိုက်ကျဆုံးမှု များနေကြောင်း သိရသည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly