တရုတ်တွင် မုန်တိုင်း ချည်းကပ်လာစဉ် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၇၈ ဦး ရှိ 

တရုတ်တွင် မုန်တိုင်း ချည်းကပ်လာစဉ် မိုးသည်းထန်မှုကြောင့် သေဆုံးသူ ၇၈ ဦး ရှိ 
Photo-AFP

တရုတ်နိုင်ငံတွင် ရေကြီးရေလွှမ်းမှုများ ပို၍ ဖြစ်ပွားမည်နှင့် နောက်ထပ် မုန်တိုင်းတစ်ခု ချည်းကပ်လာနေသည်ဟု အာဏာပိုင်များက သတိပေးထားချိန် မြောက်ပိုင်းနယ်မြေတစ်လွှား၌ စံချိန်ချိုးအောင် မိုးရွာသွန်းမှုများကြောင့် သောကြာနေ့အထိ သေဆုံးသူ အနည်းဆုံး ၇၈ ဦး ရှိသွားပြီ ဖြစ်သည်။ 

လွန်ခဲ့သော သီတင်းနှစ်ပတ်က တရုတ်ပြည်မကြီးသို့ ဝင်ရောက်တိုက်ခတ်သည့် ဒေါ့ဆူရီတိုင်ဖုန်းမုန်တိုင်းအပြီး ဟီဘေးပြည်နယ်၌ ရေကြီးမှုများကြောင့် သေဆုံးသူ ၂၉ ဦးအထိ မြင့်တက်ရောက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့တွင် ဖော်ပြသည်။ 

အဆိုပါ မုန်တိုင်းအပြီး၌ မိုးရွာသွန်းမှုသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ က စံချိန်စမှတ်ချိန်မှစကာ အဆိုးဝါးဆုံးပဲ ဖြစ်သည်။ 

သီတင်းပတ်ကုန်ခန့်တွင် နောက်ထပ် ခန်နန်မုန်တိုင်း ချည်းကပ်လာချိန်၌ ရေကြီးမှုအတွင်း မျောပါသူများကို ကယ်ဆယ်ရေးသမားများက ဆက်လက်ရှာဖွေနေကြသည်။ 

ယခုကဲ့သို့ မိုးကြီးသည်းထန်စွာ မရွာသွန်းခင်က သီတင်းပတ်များစွာ သမိုင်းတွင် အပူချိန်မြင့်မားခဲ့ခြင်းလည်း ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ယခုကဲ့သို့သော ဆိုးဝါးပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားရသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ 

မြို့တော်နှင့် ထိပ်စပ်နေသည့် ဟီဘေးပြည်နယ်ရှိ အချို့သော လမ်းများတွင် ရွံ့နွံများ ဖုံးလွှမ်းနေသည်ကို ဗုဒ္ဓဟူးနေ့က အေအက်ဖ်ပီအဖွဲ့ ရောက်ရှိသွားချိန်၌ မြင်တွေ့ရသည်။ 

ဒေသခံများမှာ  ရေမျောသော ပစ္စည်းပစ္စယများကို လိုက်လံရှာဖွေနေကြသကဲ့သို့ ပျက်စီးသွားသော အိမ်များကိုလည်း သန့်ရှင်းနေကြရသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလွှမ်းရာ ဒေသများသို့ ရောက်ရှိချိန်၌ ယခုအရပ်၌ ရေကြီးခြင်းသည် ပေကျင်းမြို့တော် ရေလွှမ်းမိုးမှု ထိန်းချုပ်ခြင်းအပေါ်က ဖိစီးမှုများကို လျှော့ချစေနိုင်ကြောင်း၊ မြို့တော်အတွက် ကျုံးသဖွယ် ဖြစ်နေ၍ ဖြစ်ကြောင်း ဟီဘေးပြည်နယ် ပါတီအကြီးအကဲ နီယွဲ့ဖန်က ပြောသည်။ 

ကြာသပတေးနေ့အထိ ပြည်နယ်အနှံ့ မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ၂၉ ဦး ရှိပြီး ယင်းတို့အနက် ခြောက်ဦးမှာ ယခင်က ပျောက်ဆုံးသူများအဖြစ် စာရင်းသွင်းထားခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက သောကြာနေ့တွင် ထုတ်လွှင့်သည်။ 

လူ ၁၆ ဦး ပျောက်ဆုံးနေသေးဆဲ ဖြစ်ကြောင်း သိရသည်။ 

ပေကျင်းတွင် ကယ်ဆယ်ရေးသမား နှစ်ဦးအပါအဝင် လူပေါင်း ၃၃ ဦး သေဆုံးသည်ဟု အာဏပိုင်များက ယခုသီတင်းပတ်တွင် ပြောသည်။ 

အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်တွင်လည်း ပြီးခဲ့သည့်အပတ် သည်းထန်စွာ မိုးရွာသွန်းမှုများနောက် လူတစ်ဒါဇင်ထက်မနည်း သေဆုံးထားသည်။ 

အိမ်နီးချင်း လျောင်နင်းပြည်နယ်တွင် ဇူလိုင်နှောင်းပိုင်း မိုးသည်းထန်သည့် ပထမရက်အနည်းငယ်အတွင်း သေဆုံးသူ နှစ်ဦးရှိခဲ့သည်။ 

ရေကြီးမှုဘေး ရင်ဆိုင်နေရဆဲ အဆိုပါ ပြည်နယ်သို့ နောက်ထပ် ရေဘေးထိန်းချုပ်ရေးအဖွဲ့တစ်ရပ်ကို စေလွှတ်ထားသည်ဟု နိုင်ငံပိုင် ရှင်ဟွာသတင်းက သောကြာနေ့တွင် ပြောသည်။ 

တိုင်ဖုန်းမုန်တိုင်း ဖွဲ့တည်သော အပူပိုင် လေဖိအားနည်းရပ်ဝန်း ခန်နန်သည် တရုတ်သို့ ချည်းကပ်လျက် ရှိ၍ သီတင်းပတ်ကုန်၌ မိုးသည်းထန်စွာ ထပ်မံ ရွာသွန်းမည်ဟု မျှော်လင့်ရသည်။ 

မြောက်ပိုင်းဒေသအနှံ့တွင် အရေးပေါ် တပ်လှန့်အဆင့်ကို နှိုးဆော်ထားကြောင်း ရှင်ဟွာသတင်းက ဖော်ပြထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required