ရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်အဖွဲ့များ စည်းလုံးရန်လိုအပ်ကြောင်း KNU ဥက္ကဌပြော 

By YT (မဇ္ဈိမ)
12 August 2023
ရည်မှန်းချက် အောင်မြင်ရေးအတွက် ကရင်အဖွဲ့များ စည်းလုံးရန်လိုအပ်ကြောင်း KNU ဥက္ကဌပြော 
ဓါတ်ပုံ- KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း

ကရင် တစ်မျိုးသားလုံး၏ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်စေရန် ကရင်အမျိုးသား အဖွဲ့အစည်းများအနေဖြင့် ၁၉၄၇ ခုနှစ် ကဲ့သို့သော စုစည်းမှုမျိုးဖြင့် KNU၏ ဦးဆောင်မှုအောက်တွင် တစုတစည်းတည်း ပူးပေါင်းကြိုးပမ်း အားထုတ်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။ 

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၃) ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထိုကဲ့သို့ ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 

" လက်ရှိအခြေအနေတွင် ကရင့်အမျိုးသားရေးအတွက် တိုက်ပွဲဝင်နေပါသည်ဟု ကြွေးကြော်နေကြသည့် ကရင့်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ကရင့်လက်နက်ကိုင် အစုအဖွဲ့ အားလုံးအနေဖြင့် မိမိတို့၏အစုအဖွဲ့ ရပ်တည်နိုင်ရေး တခုတည်းနှင့် မိမိတို့၏ ကိုယ်ကျိုးကိုသာ ရှာကြံ နေကြသူများ မဖြစ်စေရန် မိမိတို့၏ အမှန်တကယ် လုပ်ရပ်များနှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပါသည်" ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားသည်။ 

ထိုကဲ့သို့ ပေါင်းစည်းကြရာတွင်လည်း မတူညီ ကွဲပြားမှုများ၊ မတူညီသော အတွေးအမြင်များအား ဘေးဖယ်ထားပြီး ကရင့်အမျိုးသားအလံတော်အောက်တွင် ကျရာတာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အားနည်းချက်များအား ရှာဖွေဖော်ထုတ်ခြင်းအား ရှောင်၍ အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်၍ စစ်ရေးနိုင်ငံရေးလုပ်ငန်းများတွင် အတူတကွဆောင်ရွက်သင့်ကြောင်း ပြောဆိုသည်။ 

ထို့အပြင် ကရင်တစ်မျိုးသားလုံးအနေဖြင့် ရန်သူနှင့် မိတ်ဆွေ၊ မဟာမိတ်အင်အားစုများအား ကွဲကွဲပြားပြားသိရန် လိုအပ်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် ဒီမိုကရေစီ အစုအဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်။ 

ထို့အတူ ကရင့် တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များအနေဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ဆက်လက်ရရှိနေစေရန် လူထုနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်း KNLA ကလည်း ၎င်း၏ ကရင့်အာဇာနည်နေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။ 

KNU ဥက္ကဌကြီး စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် ခေါင်းဆောင်၊ ရဲဘော်အချို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးတွင် ရန်သူအား ခုခံတိုက်ခိုက်ရာခဲ့မှ အသတ်ပေးခဲ့ရသည့်နေ့ ၁၉၅၀ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့အား ကရင့်အာဇာနည်နေ့၊ ထိုနေ့တွင် ကျဆုံးခဲ့ရာသည့် သူရဲကောင်းများအား ကရင့်အမျိုးသားအာဇာနည်များအဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။  

လက်ရှိတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့်  (၁) ကရင်အမျိုးသားအစည်းအရုံး( KNU)၊ (၂) ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ (၃) ကရင်နယ်ခြားစောင့်တပ် (BGF)၊ (၄) ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU၊ KNLA- PC)၊ (၅) ကော်သူးလေတပ်မတော် (KTLA) ဟူ၍ ငါးဖွဲ့ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly