ငြိမ်းချမ်းရေး အခြေအနေကို သုံးသပ်ရန် မြန်မာနိုင်ငံသို့ အာဆီယံကော်မတီတစ်ရပ် လာရောက်ရန် ရှိ

ငြိမ်းချမ်းရေး အခြေအနေကို သုံးသပ်ရန် မြန်မာနိုင်ငံသို့ အာဆီယံကော်မတီတစ်ရပ် လာရောက်ရန် ရှိ

ငြိမ်းချမ်းရေး အခြေအနေအား သုံးသပ်ရန်အတွက် မြန်မာနိုင်ငံဆီ အာဆီယံ လွှတ်တော်ရေးရာ မူဝါဒကော်မတီ( AIPA )က လာရောက်ရန် စီစဉ်လျက် ရှိသည်ဟု အင်ဒိုနီးရှားလွှတ်တော်၏ လွှတ်တော်ရေးရာ ပူးပေါင်းဆောင်ရွက်ရေးဌာန (BKSAP) ၏ ဥက္ကဋ္ဌ ဖာဒီဇွန်က ပြောသည်။

“မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ ပကတိမြင်ရဖို့အတွက် နောက်ပိုင်းမှာ ကျွန်တော်တို့ သွားရောက်ဖြစ်ဖို့ ရှိပါတယ်၊ လွှတ်တော်ရေးရာက အထူးသံတမန်အဆင့်မျိုးနဲ့ သွားရောက်မှာပါ”ဟု သောကြာနေ့က ထုတ်ပြန်ချက်၌  ၎င်းက ဆိုသည်။

ဂျကာတာတွင် ကျင်းပခဲ့သော AIPA ၏ အစည်းအဝေးတွင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေး အပါအဝင် မြန်မာနိုင်ငံက ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများကို စောင့်ကြည့်မည့် အဖွဲ့တစ်ရပ် ဖွဲ့စည်းရေးကို သဘောတူခဲ့သည်ဟု ဇွန်က မှတ်ချက်ပြုသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ အထူးသံတမန်များ စေလွှတ်ခြင်းသည် ရုရှ-ယူကရိန်း ပဋိပက္ခ၌ နှစ်နိုင်ငံစလုံးက ပြည်သူများအပေါ် သက်ရောက်သည့် အခြေအနေများအား စောင့်ကြည့်သည့် လွှတ်တော်ရေးရာ သမဂ္ဂ (IPU) က လုပ်ငန်းစဉ်အဖွဲ့ စေလွှတ်ခြင်းနှင့် အလားသဏ္ဍာန်တူကြောင်း ၎င်းက ရှင်းပြသည်။

သို့ရာတွင် မြန်မာနိုင်ငံဆီ AIPA မှ အထူးသံတမန်များ စေလွှတ်ခြင်းကို AIPA အဖွဲ့ဝင်များကြား ဆွေးနွေးဆဲ ဖြစ်သဖြင့် တရားဝင် ဆုံးဖြတ်ချက် မချရသေးကြောင်း ၎င်းက မှတ်ချက်ပြုထားသည်။

မြန်မာနိုင်ငံတွင်းက ပြန်လည်ရင်ကြားစေ့ရေးအတွက် ကျယ်ပြန့်သော စေ့စပ်ဆွေးနွေးမှုများကို ထောက်ခံအားပေးရန် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းကြောင့် အထူးသံတမန်များ စေလွှတ်ရေးကို AIPA အနေဖြင့် သဘောတူလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

အထူးသံတမန်များ စေလွှတ်ခြင်းအားဖြင့် နိုင်ငံ၏ ပကတိ ပဋိပက္ခမှ သက်ရောက်မှုများကို မြင်သိနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံတွင်းက ပဋိပက္ခအား ဖြေရှင်းရေး၌ နောက်ထပ် ပါဝင်မှုအဖြစ် AIPA အနေဖြင့် ရှုမြင်နိုင်ဖြစ်သည်ဟုလည်း BKSAP ဥက္ကဋ္ဌက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေးအတွက် စောင့်ကြည့်ရေးအဖွဲ့တစ်ရပ် ဖွဲ့စည်းခြင်းအပြင် AIPA သည် အင်ဒိုနီးရှားက အဆိုပြုသည့် အချက်နှစ်ချက်အပါအဝင် ဆုံးဖြတ်ချက်မူကြမ်း ခြောက်ရပ်ကို ချမှတ်ထားသည်။

ပထမ ဆုံးဖြတ်ချက်မှာ “ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများမှတစ်ဆင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အား ထိန်းသိမ်းရန်နှင့် ဒုတိယ ဆုံးဖြတ်ချက်မှာ “မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်တံ့ရေးအတွက် လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး” ပဲ ဖြစ်သည်။

၄၄ ကြိမ်မြောက် AIPA အထွေထွေ ညီလာခံအား ဂျကာတာတွင် ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required