ရခိုင်နှင့် ပဲခူးတွင် မုတ်သုံ ရေလွှမ်းမိုးမှုများကြောင့် လူ ၅ ဦး သေဆုံးကာ ၄၀,၀၀၀ ခန့် ရွှေ့ပြောင်း

ရခိုင်နှင့် ပဲခူးတွင် မုတ်သုံ ရေလွှမ်းမိုးမှုများကြောင့် လူ ၅ ဦး သေဆုံးကာ ၄၀,၀၀၀ ခန့် ရွှေ့ပြောင်း
Photo-AFP

မြန်မာနိုင်ငံတွင် မုတ်သုံမိုးကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားရာတွင် လူ ငါးဦး သေဆုံးပြီး လူ ၄၀,၀၀၀ ဝန်းကျင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရကြောင်း တာဝန်ရှိသူများက သောကြာနေ့တွင် ပြောသည်။

မေလအတွင်းက မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် သင့်ခဲ့သည့် ရခိုင်ပြည်နယ်က ဗီဒီယိုပုံရိပ်များတွင် ကျေးရွာဧရိယာ တော်တော်များများနှင့် လယ်မြေများတွင် ရေလွှမ်းမိုးနေသည်ကို မြင်တွေ့ရသည်။

ယခု ကာလပတ်ဝန်းကျင်၌ မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မိုးကြီးလေ့ ရှိသော်လည်း မကြာသေးသော် သီတင်းပတ်များအတွင်း ကမ္ဘာတစ်လွှားတွင် ဆိုးဝါးသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်ကာ ထိုသို့ ရာသီဥတု ဆိုးဝါးခြင်းက ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပို၍ ဆိုးရခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ရန်ကုန် အရှေ့မြောက်ဘက် ပဲခူးတွင် အစောပိုင်းက ဒေသခံအချို့ ဘေးလွတ်ရာ ရွှေ့ပြောင်းကြသော်လည်း ရေတဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ကျန်သူများမှာ ပိတ်မိနေသည်။

“ပဲခူးမှာ နှစ်တိုင်း ရေကြီးပါတယ်၊ ဒါပေမဲ့ အခုကတော့ အဆိုးဆုံးပဲ၊ ပုံမှန်ဆိုရင် မိုးရာသီမှာ ဒူးလောက်၊ ပေါင်လောက်အထိ ရေလွှမ်းလေ့ရှိတယ်”ဟု အသက် ၂၃ နှစ်အရွယ် ပဲခူးမြို့ခံ ကိုစိုးမင်းအောင်က အေအက်ဖ်ပီသို့ ပြောပြီး ၎င်းတို့ မိသားစုအနေဖြင့် လှေဝယ်ရန် ကြိုးပမ်းနေကြောင်း ဖြည့်စွက်ဆိုသည်။

“တချို့မိသားစုတွေတော့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီ ရွှေ့ပြောင်းကြတယ်၊ အခြားသူတွေက ရေအရမ်း မြင့်တက်မှာ မဟုတ်ဘူးဆိုပြီး နေမြဲနေကြတယ်၊ အချို့ ရပ်ကွက်တွေမှာဆိုရင် ရေက ကျွန်တော့်အရပ်ရဲ့ နှစ်ဆကျော်အထိ မြင့်တက်တယ်”ဟု ၎င်းက ပြောသည်။

သောကြာနေ့ညက ပဲခူးရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီ လူပေါင်း ၈၇၀ ကျော် ရွှေ့ပြောင်းကြပြီး ဘုန်းကြီးများက လှူဒါန်းထားသော အစားအစာများကို ပေးခဲ့သည်။

“သူတို့တွေ နေရေးထိုင်ရေးအတွက် ကျွန်တော်တို့ စီစဉ်ပေးတယ်”ဟု ဒေသတာဝန်ရှိသူ ဦးခင်မောင်က ပြောသည်။

အသက် ၆၆ နှစ်အရွယ် ဦးမင်းသော်က သူ၏ နှစ်ထပ်တိုက်၏ မြေညီထပ်သည် ရေလွှမ်းမိုးနေပြီး အပေါ်ထပ်မှာပင် မိသားစုက နေနေရသည်ဟု ပြောသည်။

“ပဲခူးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း အသည်းထန်ဆုံး မိုးရွာသွန်းတာလို့ ကျွန်တော် ထင်တယ်”ဟု ၎င်းက ဆိုသည်။

-ရွှေ့ပြောင်းခြင်း-

လူ ငါးဦး သေဆုံးသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက ပြောပြီး သောကြာနေ့အထိ နိုင်ငံတစ်ဝန်း ဘေးလွတ်ရာ ရွှေ့ပြောင်းသူဦးရေမှာ ၄၀,၀၀၀ အထိ ရှိသည်ဟု သိရသည်။

“ကျွန်မတို့ ဌာနက ယာယီစခန်းတွေမှာ ရွှေ့ပြောင်းနေကြရတဲ့ အိမ်ထောင်စုတွေအတွက် လိုအပ်ရာ ပစ္စည်းတွေ ပေးအပ်နေပါတယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။

ဩဂုတ်လမှစတင်ကာ မုတ်သုံမိုး သည်းထန်ခြင်းနှင့် မြစ်ချောင်းများ မြစ်ရေမြင့်တက်မှုကို မြန်မာပြည်သူ ၅၀,၀၀၀ ဝန်းကျင် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံးက ခန့်မှန်းသည်။

“မွန်နဲ့ ကရင်ပြည်နယ်တွေမှာ မုတ်သုံကောက်ပဲသီးနှံတွေ အကြီးအကျယ် ပျက်စီးမှု ရှိနေတယ်”ဟု ယင်းရုံးက ထုတ်ပြန်ချက်၌ ဆိုပြီ ပဲခူး၊ ဘီလင်းနှင့် သံလွင်မြစ်ရေက လက်ရှိတွင် ပြန်ကျနေပြီဟု ထပ်လောင်းပြောသည်။

ဇူလိုင်နှောင်းပိုင်းမှ စတင်သော ရေကြီးရေလွှမ်းမှုများသည် ရခိုင်၊ ကချင်၊ ကရင်၊ မွန်နှင့် ချင်းတို့အပါအဝင် နိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ကိုးခုတွင် ကြုံတွေ့နေရသည်။

ကရင်ပြည်နယ်တွင် ထိုင်းနိုင်ငံနှင့် နယ်စပ် မြို့တစ်မြို့ဆီ သွားသော အရေးပါသည် အဝေးပြေးလမ်းတွင် မြေပြိုမှု ဖြစ်ပြီး ယာယီတံတား ထိုးရန် အချိန်တစ်လ ယူရမည်ဟု စစ်ကောင်စီက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းချိန်မှစကာ အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်များကြား ပြည်တွင်းစစ် ဖြစ်ပွားလျက် ရှိသည်။

အာဏာသိမ်းချိန်မှစပြီး သတ်ဖြတ်ခံရသူပေါင်း ၃,၈၀၀ ကျော် ရှိသည်ဟု ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ပြောသည်။

လူပေါင်း ၁၄၈ ဦး သေဆုံးပြီး အိမ်ခြေများစွာ ပျက်စီးသည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းနောက် စစ်ကောင်စီ၏ ကိုင်တွယ်ဖြေရှင်းမှုကို ကုလသမဂ္ဂက အတိအလင်း ဝေဖန်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required