အင်းဝမြို့က အမျိုးသမီးမြင်းလှည်းမောင်းသူတစ်ဦးရဲ့ ဘဝ

06 April 2016
အင်းဝမြို့က အမျိုးသမီးမြင်းလှည်းမောင်းသူတစ်ဦးရဲ့ ဘဝ

အင်းဝမြို့ရဲ့ ဖုံထူထူ လမ်းတွေပေါ်မှာ  မြင်းလှည်းလေးတွေ တစ်ရွေ့ရွေ့ သွားလာနေပါတယ်။  အဲထဲကမှ တစ်ချို့ မြင်းလှည်းတချို့ကို မောင်းနှင်လာသူတွေက ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် သနပ်ခါး ရေကျဲလေးတွေ လိမ်းထားတဲ့ အမျိုးသမီးတွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

အင်းဝသူ စစ်စစ်ဖြစ်တဲ့ မသူဇာမြင့်ဟာ မြင်းလှည်း မောင်းတဲ့ အလုပ်ကို ရွေးချယ်လုပ်ကိုင်ဖြစ်တာ သုံးနှစ်လောက် ရှိနေပါပြီ။ မြင်းလှည်းမောင်းသူ အမျိုးသမီးတစ်ဦးအဖို့ ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်မလည်း။ မြင်းလှည်းမောင်းသူ အမျိုးသမီးတစ်ဦးရဲ့ ဘဝဖြတ်သန်းမှု။ အဲဒါတွေကို မြင်းလှည်းမောင်းသူ မသူဇာမြင့်က အခုလို စတင်ပြောပြပါတယ်။

ညီမ ဆယ်တန်းကို သုံးနှစ် ဖြေတယ်။ ကျတဲ့ အခါကျတော့ ညီမ ကြားထဲမှာ တောင်သူတွေ ဘာတွေ လုပ်ရင်းနဲ့ ကြားထဲမှာ သုံးလေးနှစ် ကြာသေးတယ်။ အဲနောက်ပြီးမှ မြင်းလှည်းပေါ်ကို စတက်မိတာပါ။ တက်ပြီး စမောင်း ဖြစ်တာပါ။

မိသားစုဝင် အားလုံးကလည်း မြင်းလှည်းမောင်းတဲ့ အလုပ်ကို လုပ်ကိုင်ကြပေမယ့် ဒီအလုပ်ဟာ ရာသီချိန်မှာပဲ လုပ်ကိုင်နိုင်တဲ့ အလုပ် ဖြစ်တာကြောင့် တစ်ခြား အချိန်တွေမှာပါ အဆင်ပြေအောင် မွေးမြူရေး လုပ်ငန်း တောင်သူ အလုပ်တို့ကိုလည်း အဆင်ပြေသလို လုပ်ကိုင် စားသောက်နေကြတဲ့ သူတွေပါ။ ဒီအကြောင်းကိုလည်း မသူဇာမြင့်က ဆက်လက်ပြီးရှင်းပြပါတယ်။

မြင်းလှည်းမောင်းတယ်ဆိုတာကလည်း ရာသီအချိန်မှာပဲ ညီမတို့က ကောင်းစားပါတယ်။ ဆောင်း ၆လကို လုပ်စားခွင့် ရှိပြီးတော့ နွေ ၆လ ကြရင် ကိုယ့်ကိုလုပ်ကျွေးတဲ့ မြင်းတွေကိုပဲ လုပ်ကျွေးရပါတယ်။ သူတို့အတွက် ပိုလျံမှုဆိုတာ မရှိပါဘူး။ အဲတာကြောင့်မို့လို တစ်ဖက်တစ်လမ်းအနေနဲ့ တောင်သူအလုပ်တို့ကိုလည်း လုပ်ပါတယ်။

တစ်နေ့တာမှာ အဆင်ပြေနိုင်ဖို့အရေး အမျိုးသမီး ဖြစ်သော်ငြားလည်း အခုလို ရုန်းကန်ကြိုးစားရတဲ့အဖြစ်တွေကလည်း  မလွယ်လှပါဘူး။ မနက်မိုးလင်းချိန်ကနေ ညနေစောင်းတဲ့ အထိ ပုံမှန်လုပ်နေကြ အလုပ်တွေကို တစ်ရစပ် လုပ်ကိုင်ရင်းနဲ့ပဲ ဝင်ငွေကောင်းကောင်း ရရှိအောင် သူမတို့ ထပ်မံ ကြိုးစားရတဲ့ အပိုင်းကတော့ မြင်းလှည်းစီးမယ့် ဧည့်သည်ကို ရှာဖွေရတာပါပဲ။

မနက်ဆိုရင် ကြက်တွန်ရင် ထတယ်။  မြင်းချေးကျုံးရတယ်။ ညီမ ဝက်မွေးထားတော့ ဝက်တွေကို အစာကျွေးပြီးတော့ မြက်စာ ရိတ်စရာ ရှိရင် ရိတ်ရတယ်။ သူတို့ကို လုပ်ပေးပြီးပြီဆိုရင် ညီမ တို့ အိမ်မူကိစ္စ ချက်ပြုတ်ဘက်ကို လှည့်ပြီးတော့ ရေချိုးပြီး သူတို့ ဗိုက်ပြည့်လောက်ပြီဆိုရင် ညီမတို့ မြင်းလှည်း စမောင်းတယ်။ မြင်းလှည်းစမောင်းတဲ့ အချိန်မှာ ဧည့်သည်ရဲ့ အခြေနေကြည့်ရတယ်။ ဒီနေ့မှာ ကျနိုင်တဲ့ အခြေနေ ရှိလား။ မကျနိုင်တဲ့ အခြေနေရှိလား။ ညီမတို့ အလှည့်က ဝေးနေရင် အလှည့်က မရနိုင်ဘူး။ တစ်နေ့ တစ်သောင်းက မရနိုင်တော့ အလွတ်တွေ ဂိုက်မပါတာတွေ လာလို့ ရှိရင် ညီမတို့ တတ်သလောက်နဲ့ လိုက်ပြောပြီးတော့ လုပ်စားတယ်။ ၈ထောင် ရရင် ၈ထောင်နဲ့ လိုက်တယ်။ ၆ထောင်ရရင် ၆ ထောင်နဲ့လိုက်တယ်။ အဲလို လိုက်ပြီးတော့ ၆ ထောင် နှစ်ခေါက် ရရင်လည်း ရတယ်။ တစ်သောင်း ဖြစ်ရင်လည်း ဖြစ်မယ်။ ၈ထောင် လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ချို့ဧည့်သည်တွေက သနားတော့ စီးရတာ တန်မှန်းသိတော့ ပေးတဲ့ဟာမျိုးလည်း ရှိတယ်။ အဲလိုနဲ့  တစ်နေကုန် ညနေ လေးနာရီလောက်ဆိုရင်တော့ သိမ်းတာပါ။

တစ်ချို့ဧည့်သည်တွေက အမျိုးသမီးမောင်းတဲ့ မြင်းလှည်းဆိုရင် မစီးချင်ကြတာလဲ ရှိတော့ သူမ အနေနဲ့ စီးချင်လာအောင် တတ်သလောက် မှတ်သလောက်နဲ့ ကြိုးစားရတာပါပဲ။ ဒီလိုကြိုးစားတဲ့ အပိုင်းမှာလည်း အခက်ခဲတွေ အများကြီးရှိကြောင်းကို အခုလို မသူဇာမြင့်က ပြောပြပါတယ်။ 

သူက No  ဆိုရင် Very Far  ဝေးတယ်။ လမ်းလျောက်ရင် ငါးနာရီကြာတယ်။  မြင်းလှည်းနဲ့ဆိုရင် တစ်နာရီခွဲ နှစ်နာရီလောက်ပဲ ကြာတယ်။ လည်မယ်ဆိုရင် လေးနေရာ ရှိတယ်။ အဲလိုမျိုးလေးတွေ ပြောပြပါတယ်။

အခက်ခဲတွေကတော့ အများကြီးပဲ ရှင့်။ ကျွန်မတို့ ကိုယ်တတ်လို့ ပြောထားပြန်တော့လည်း ကိုယ်မလိုက်ရပြန်ဘူး ကိုယ့်ရှေ့က လှည်း က လိုက်မယ်ဆိုရင် ညီမ ကျေနပ်လို့ လိုက်မယ်ဆိုတဲ့ ၈ထောင်ဟာ သူလိုက်မယ်ဆိုရင်  ပေးရပြန်ရော။ အဲကျ ညီမ မလိုက်ရပြန်ဘူး။ အမျိုးမျိုးပေါ့ အခက်ခဲတွေက တစ်ချို့ကြပြန်တော့လည်း ဧည့်သည်က လှည်းမကြိုက်လို့ တစ်ချို့ကလည်း မိန်းကလေး မောင်းတာ မကြိုက်လို့ဆိုပြီး ရှိတယ်။ အမျိုးမျိုးပဲ ဧည့်သည်တွေက။ အခု ညီမ ပြောထားရင် ညီမကိုပဲ စီးမှာ။ အစ်မ ပြောထားရင် အစ်မကိုပဲ စီးမှာဆိုရင် ညီမတို့ အခက်ခဲတွေ အများကြီးပဲ။

အဲဒီ ဧည့်သည်တွေနဲ့ ပြေလည်အောင် ပေါင်းသင်းရတယ်။ သူတို့ စိတ်ကောက်သွားပြီဆိုရင်လည်း ညီမတို့ အတွက်က မရတော့ဘူး။ သူတို့ကို ပြေပြစ်အောင် ပေါင်းသင်းရတာ။ တစ်ချို့ ဂိုက်တွေ ပါလာရင်လည်း ဂိုက်တွေနဲ့ပြေလည်အောင် ညီမတို့က ပြောဆို ပေါင်းသင်းရတာ။ အလှည့်ကြဆိုရင် အလှည့်ကြ တက်ရတယ်။ ညီမတို့ အလှည့်က တစ်ရာ ဘိတ်ကြသွားတယ်ဆိုရင် ဧည့်သည်က နှစ်ရာမလာရင်ညီမတို့ မတက်ရဘူး။ မတက်ရလို့ ရှိရင် အလွတ်လေးတွေ ခြေလျင်လျောက်တာမျိုးတွေကို ကိုယ်တတ်သလောက်နဲ့ လိုက်ပြောတာ။ ကိုယ်ကျေနပ်တဲ့ ဈေးလေးနဲ့ ကိုယ့်ဝင်ငွေကို ရအောင်ရှာတာ။  ညီမတို့ဖို့ စားဖို့ မရရင်နေပါစေ မြင်းဖို့ စားဖို့ရရင် အဲလို ရှာရတာပေါ့။  မြင်းက အရေးကြီးတာက သူတို့ အောက်မှာ ဖိနပ်သဘောမျိုး ခွာပေါ့။ ခွာပါဖို့ အရေးကြီးတယ်။ ခွာမပါရင် သူမှာ ပေါက်ပြဲသွားရင် ညီမတို့ လုပ်စားလို့ မရတော့ဘူး။  နောက်ပြီးတော့ သူကို ဖွဲကျွေးရတယ်။ ဖွဲက တစ်နေ့ကို လေးပိဿာ ကျွေးရတယ်။ ဖွဲနဲ့ ကောက်လှိုင်း ကျွေးရတယ်။

အရင်ကဆို အမျိုးသမီး မြင်းလှည်းမောင်းသမားတွေ သိပ် အဆင်မပြေခဲ့ကြပေမယ့် အခုဆိုရင် တရားဝင် လိုင်စင်တွေပါ ချထားပေးပြီး ဖြစ်တာကြောင့် မြင်းလှည်းမောင်းသူ အမျိုးသမီးတွေလည်း များလာပြီ ဖြစ်သလို စီးတဲ့ သူတွေလည်း များလာပြီလို့ ပြောပါတယ်။

တစ်ချို့ ဂိုက်တွေက မိန်းကလေးမို့ မစီးဘူးရှင့်။ ဒါပေမယ့် အခုနောက် ပိုင်းမှာ ညီမတို့ကို လိုင်စင်ထုတ်ပြီးသွားပြီ။ စည်ပင်ကလေ လိုင်စင်ထုတ်ပေးပြီးသွားပြီ မိန်းကလေး ပေါင်း ၁၅ ယောက်လောက်ကို လိုင်စင်ထုတ်ပေးပြီးသားဆိုတော့ သူတို့မှာလည်း ငြင်းပယ်ခွင့် မရှိဘူးပေါ့။ တစ်ချို့ကလည်း မိန်းကလေးမောင်းတော့ ကျွမ်းကျင်မှု မရှိဘူး မှတ်ပြီး ကြောက်ကြတယ်။ တစ်ချို့ကလည်း ယောက်ျားလှည်းမောင်းတော့ အရက်သောက်စားပြီးမောင်းတော့ ကြောက်ကြတယ်။ အဲတော့ ယောက်ျားလည်းမောင်းတာကို မကြိုက်ဘဲ မိန်းကလေး မောင်းတာကို ကြိုက်တာ များကြတယ်။

ညီမ အခုလို  လှည်းလေး တပ်ပြီးတော့ Hello Housesket  လို့ ပြောလိုက်ရင် သူတို့ ပျော်ရွှင်သွားတယ်။  Lady Driver  လားတဲ့ သူက မေးတယ်။ My Driver  ဆိုရင် အေးစီးမယ်။ နင့်ကိုပဲ စီးမယ်ဆိုရင် သူတို့က အဲလို ပျော်ရွှင်မှုနဲ့ သူတို့ဘာသူတို့ လိုလိုလားလားနဲ့ စီးကြတယ်။ သူတို့ကိုလည်း အင်္ဂလိပ်လို့ မကျွမ်းတော့ ဘာလို့ စီးလဲဆိုတာ ညီမတို့ မမေးတတ်ဘူး။  သူပျော်ရွှင်နေတာကို ညီမ သိတယ်လေ။ သူရဲ့ သရုပ်ပုံစံလေးနဲ့ပဲ။

တစ်ခါတရံမှာ အလှုမင်္ဂလာဆောင် လမ်းကြောင်းတွေကို လိုက်ရတဲ့ အခါဆိုရင်တော့ ဝင်ငွေတွေ ပိုရတတ်ပါတယ်တဲ့။ ဒီလိုဝင်ငွေများများရတဲ့ အခါမျိုးဆိုရင်တော့ မသူဇာမြင့်အနေနဲ့  အလှုတန်းလုပ်ဖို့ကိုသာ စိတ်ဝင်စားပါ့တယ်တဲ့။

တိရစ္ဆာန်တွေနဲ့ လုပ်စားရတာဆိုတော့ နည်းနည်းပါးပါး ကိုယ်တတ်နိုင်သလောက်လေး ဘုန်းကြီးကျောင်းကို ကုသိုလ် လုပ်ဖို့ပဲ စိတ်ဝင်စားတယ်။ ဘာပဲ ဘယ်နေရာမှာ ရခဲ့ရခဲ့ သူတို့အတွက် ကုသိုလ်ရအောင် လုပ်ပေးတာ။ ညီမတို့က တိရစ္ဆာန်တစ်ကောင် သေသွားရင် ပြန်ဝယ်ဖို့က မလွယ်ဘူးလေ။ အန္တရာယ်ကင်းချင်တဲ့ သဘောပေါ့။  မြန်မာ သဘာဝဆိုရင်တော့။ ညီမ ဖြစ်ချင်တာကို ပြောပြတာ။

လိမ္မာတဲ့ တိရစ္ဆာန်ဖြစ်ဖြစ် အခန့်မသင့်ရင် စိတ်ရိုင်းဝင်တတ်တာကြောင့် အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့် မြင်းကို နိုင်အောင် ထိန်းကျောင်းရတာက  အန္တရာယ်လည်း များသလို တာဝန်လည်း ကြီးပါတယ်။ အမှန်တော့ အမျိုးသမီးတစ်ယောက်အနေနဲ့ မြင်းလှည်းမောင်းဖို့က မလွယ်လှပါဘူး။ ဘယ်လောက်ပဲ

မိန်းကလေးနဲ့ ယောက်ျားလေးနဲ့တော့ မြင်းလှည်းမောင်းတာ ကွာခြားပါတယ်။ မြင်းဆိုတာ အရိုင်းလည်း ရှိတယ်။ အဆိုးလည်း ရှိတယ်။ မှောက်တာတွေလည်း ရှိတယ်။ တစ်ချို့ဆိုရင် ညီမတို့ လှည ်းတွေက ပြင်ဆင်မှု မကောင်းလို့ ပျက်သွားတာ မှောက်သွားတာတွေလည်း ရှိပါတယ်။ အဲလို အခြေနေမှာဆိုရင် မြင်းဆိုးတာဆိုရင် ညီမတို့ မကိုင်ရဲပါဘူး။ အခု ညီမတို့ မြင်းက ညီမတို့ သဘာဝကျကျ အိမ်မှာ မွေးထားတဲ့ မြင်းဖြစ်လို့  ကိုင်ရဲတာပါ။ သူများမြင်းဆိုရင် ညီမတို့ မမောင်းရဲပါဘူး။ ယောက်ျားလေးတွေကတော့ ကြမ်းကြမ်းတမ်းတမ်း မောင်းရဲပါတယ်။ ညီမတို့မှာ မြင်းရွေးချယ်ရပါတယ်။ မြင်းရွေးချယ်ပြီးတော့ မောင်းရပါတယ်။ တွေ့သမျှလှည်း တက်မောင်းလို့ မရပါဘူး။ မှောက်သွားရင် ညီမတို့က ဧည့်သည်နဲ့ အန္တရာယ် သိပ်များပါတယ်။

ညီမတို့ရဲ့ မြင်းလှည်းတွေမှာ တန်စာပလာတွေက ကုန်းတွေ ဆံပင်တွေဆိုတာ အစုံရှိတယ် ကုန်းပြတ်ကျပြီးတော့ မြင်းထွက်ကျန်ခဲ့မှာဆိုရင် ဧည့်သည် ပြုတ်ကျ ကျန်ခဲ့မှာ မျိုး ရှိတယ်။ ညီမတို့ ကြုံဘူးပါတယ်။ ဗားဂရာမှာ ဆိတ်အုပ်က ရုတ်တရက် တက်လာတဲ့ အခါမှာ မြင်းက လန့်ပြီး မှောက်သွားတယ်။ ဧည့်သည်တော့ ဘာမှ မဖြစ်ပါဘူး။ ဧည့်သည်ဖြစ်ရင်တော့ ညီမတို့မှာလည်း တာဝန်ရှိပါတယ်။ သူတို့ကို ဒေါ်လာ သန်းပေါင်းများစွာ မလျော်နိုင်ပါဘူး။

အင်းဝနဲ့ ပတ်သက်ပြီးတော့ ကျွန်းတိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ ဗားဂရာကျောင်းကို သူတို့ကို အရောက်လာစေချင်တယ်။ မြန်မာလူမျိုးတွေကို ဒါပဲ ညီမပြောချင်တယ်။ ကျွန်းတိုင်လုံးကြီးတွေ  ဆောက်ထားတဲ့ ဗားဂရာကိုပဲ လာစေချင်ပါတယ်။

Mizzima Weekly