မုံရွာမြို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ဖြတ်မှု လူ ၆ဦးကို ပလဖဖမ်းဆီး

By ပါခွီး (မဇ္စျိမ)
11 August 2023
မုံရွာမြို့မှ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ဖြတ်မှု လူ ၆ဦးကို ပလဖဖမ်းဆီး
သေဆုံးသွားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး(ဓါတ်ပုံ - ဖေ့ဘုတ် လူမှုကွန်ယက်)

မုံရွာမြို့တွင် ယမန်နေ့ ဩဂုတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ပြီး ဆိုင်ကယ်နှင့် ဖုန်းလုယူသွားသည့် လက်နက်ကိုင်လူစုကို ဖမ်းဆီးစစ်ဆေးနေကြောင်း မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့ (ပလဖ)ခေါင်းဆောင် ကိုအာကူးက မဇ္စျိမကိုပြောသည်။

မုံရွာမြို့ ၊ ထန်းတော ၊အင်းဖြတ်ရပ်ကွက်ရှိ နေအိမ်တလုံးကို ယမန်နေ့ ညနေ ၃နာရီအချိန်တွင် လက်နက်ကိုင်ဆောင်ထားသူတစုက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အသက်၂၄နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူ သေနတ်ကျည်ထိမှန် သေဆုံးခဲ့သည်။မအေးငြိမ်းသူ၏ ယောက္ခမဖြစ်သူလည်း သေနတ်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး အဆိုပါလူအုပ်စုက ဆိုင်ကယ်တစီးနှင့် ဖုန်း နှစ်လုံးယူဆောင်သွားကြောင်း သိရသည်။ ထိုဖြစ်စဉ်ကို ကျူးလွန်ခဲ့သူ ခြောက်ဦးအား ဖမ်းမိထားပြီဟု ကိုအာကူးကပြောသည်။

“ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိပြီးပါပြီ။  လောလောဆယ် စစ်ဆေးနေတုန်းပါ။ အသေးစိတ်ဖြစ်စဉ်တွေကို ပြည်သူတွေကို အကုန်ချပြမှာပါ” ဟု ကိုအာကူးက ယနေ့ ဩဂုတ် ၁၁ရက် နံနက်တွင် ပြောသည်။

လူသတ်၊ပစ္စည်းလုယူခဲ့သူ ခြောက်ဦးနှင့် ပတ်သက်၍ အမည်နှင့်တကွ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရထံ လွှဲပြောင်းကာ ဥပဒေအတိုင်း စီရင်သွားမည်ဟုဆိုသည်။

ဖမ်းဆီးထားသူ ခြောက်ဦးအား   စစ်ဆေးနေသည့် ရုပ်သံကို ယမန်နေ့ညတွင် ကိုအာကူးက လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်ထုတ်လွှင်ခဲ့သည်။   သေနတ်ဖြင့်ပစ်ခတ်ခဲ့သူက ၎င်းအနေဖြင့် ကျူးလွန်မှုကို ဝန်ခံခဲ့ပြီး အသေစား သေပေးမည်ဟု ထွက်ဆိုခဲ့သည်ကို တွေ့ရသည်။ယင်းတိုက်ရိုက်ထုတ်လွှင့်ခြင်းမှာ ပြည်သူကို ပွင့်လင်းမြင်သာစွာချပြလိုခြင်းဖြစ်ပြီး ခိုးဆိုးလုနှိုက်ပြုလုပ်ပြီး ပြည်သူကို ဒုက္ခပေးနေသူများ သိရှိစေရန် ရည်ရွယ်ကြောင်း  မုံရွာပလဖ ခေါင်းဆောင်က ဆက်ပြောသည်။ နောက်နာရီအနည်းငယ်အကြာတွင် ထိုရုပ်သံကို ပြန်ဖြုတ်သွားခဲ့ပြီး ဖြစ်စဉ်အား ပြည်သူကိုချပြပြီးဖြစ်သောကြောင့် ပြန်ဖျက်ခြင်းဟု ကိုအာကူးက ရှင်းပြထားသည်။

လက်ရှိ ဖမ်းဆီးထားသူ ခြောက်ဦးမှာ မုံရွာမြို့နယ်အခြေစိုက် တော်လှန်ရေးအင်အားစု လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှဖြစ်ကြောင်း ကနဦးသိရပြီး တပ်ဖွဲ့နာမည်နှင့် အသေးစိတ်အခြေအနေကို မဇ္စျိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ 

မအေးငြိမ်းသူသည်  မီးဖွားခါနီး ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်ပြီး ဟင်းအရောင်းဆိုင် ဖွင့်လှစ်ထားကာ အွန်လိုင်းဈေးအရောင်းအဝယ်လည်း ပြုလုပ် ကြောင်း ဒေသခံများထံမှ သိရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအား သတ်ဖြတ်သွားသည့် လုပ်ရပ်ကို ထိတ်လန့်တုန်လှုပ်ရပြီး ပြစ်တင်ရှုတ်ချကြောင်း မုံရွာမြို့ခံများက ပြောသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required