ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရ၍ ရဲတပ်သား ၂ ဦးသေဆုံး

By ရွှေနွယ်(မဇ္ဈိမ)
11 August 2023
ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းတိုက်ခိုက်ခံရ၍ ရဲတပ်သား ၂ ဦးသေဆုံး
ပုံအညွှန်း - တိုက်ခိုက်ခံရသည့် ညောင်ပင်သာရဲစခန်း။(ဓာတ်ပုံ-CJ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာရှိ ရဲစခန်းအား ဩဂုတ်လ ၉ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က  ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး၍ လေးဦးဒဏ်ရာရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ညောင်ပင်သာ ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ရှိနေသည့်အချိန် ရိုးမ(၁)၊ တပ်ခွဲ(၃)၊ အာဠာဝကစစ်ကြောင်းနှင့် ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတို့က ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယစစ်ရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။

"ဒဏ်ရာရ ရဲတွေကို ဖြူးဆေးရုံကိုတင်ထားတယ်။ ပြင်ပလူနာဝင်ခွင့်တောင် ပိတ်ထားတယ်ကြားတယ်။ ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် လူငယ်တချို့ကိုဖမ်းပြီး ညောင်ပင်သာရဲစခန်းမှာ ထားထားတယ်။ မိသားစုနဲ့ထိတွေ့ခွင့်မရဘူး" ဟု ၎င်းကပြောသည်။

ထိုသို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဖြူးမြို့နယ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကူများ ရောက်ရှိလာပြီး အ.ထ.က ညောင်ပင်သာနှင့် စက်ရုံကျောင်း(ဘုန်းကြီးကျောင်း) တို့တွင် တပ်စွဲကာ ယမန်‌နေ့ ဩဂုတ်လ ၁၀ ရက် ညပိုင်းတွင်  ဒေသခံလေးဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ထို့အပြင် လမ်းသွားလမ်းလာပြည်သူများကိုလည်း ရိုက်နှက်ခြင်းနှင့် စစ်ဆေးမေးမြန်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်ခံရသည့် ညောင်ပင်သာရဲစခန်းသည် ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေး လမ်းဟောင်းအနီးရှိ ညောင်ပင်သာ‌ကျေးရွာတွင် တည်ရှိသည့် ရဲစခန်းဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးအင်အားစုများဘက်မှ "လမ်းများအားလုံးနေပြည်တော်သို့" စစ်ဆင်ရေး၏ တစိတ်တဒေသအဖြစ် ရန်ကုန်−မန္တလေးလမ်းဟောင်းအား နယ်မြေစိုးမိုးမှုရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုမှုများရှိလာပြီးနောက်တွင် ထိုသို့တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖြူးမြို့နယ်၏အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဘေးကျေးရွာများဖြစ်သည့် အောက်ကြာအင်းရွာနှင့် အုတ်ဖြတ်ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့များတိုက်ခိုက်ခံရပြီး သေဆုံးမှုများရှိခဲ့သည်။

အောက်ကြာအင်းကျေးရွာအား စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးကာ ဒေသခံ ခုနစ်ဦးကို သတ်ဖြတ်သွားပြီး ဖြူးမြို့နယ်အတွင်း စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly