NCA ပြတ်ပြယ်သွားပြီဟု KNU ပြော

By YT (မဇ္ဈိမ)
11 August 2023
NCA ပြတ်ပြယ်သွားပြီဟု KNU ပြော
ဓါတ်ပုံ- KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် စစ်ကောင်စီ​၏ အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် KNU က (၁၇) ကြိမ်မြောက် ကွန်ဂရက်ပြီးနောက် "First 100 Days: KNU In New Era" အမည်ဖြင့် ပထမဆုံးအကြိမ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌  ပဒိုစောတာဒိုမူးက " ဒီစစ်အာဏာသိမ်းမှုကြောင့်ပဲ Nationwide Ceasefire Agreement (NCA) လည်း ပြတ်ပြတ်သွားပြီဆိုတာကို ပြောကြားလိုပါတယ်" ဟု  ဆိုသည်။

KNU က NCA နှင့်ပတ်သက်၍ လိုက်နာစရာအကြောင်းမရှိတော့ကြောင်းနှင့် စစ်ကောင်စီက NCA ကို အသုံးချ၍ လှည့်ဖျားမှုများ ပြုလုပ်နေကြောင်း သတင်းထောက်များကို ပဒိုစောတာဒိုမူးက  ပြောကြားသွားသည်။

"NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်း(၁) အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ဒီ NCA ရဲ့ အခန်း(၁) က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်။ အဲဒီနှလုံးသားကို ဖျက်ဆီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာ မရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီ NCA ကို အသုံးပြုပြီးတော့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း လုပ်တဲ့ ကိစ္စတွေကတော့ ကျနော်တို့နဲ့ ဘာမှ မဆိုင်ဘူးဆိုတာ ပြောကြားချင်ပါတယ်”ဟု ပဒိုစောတာဒိုမူးက ပြောသည်။ 

NCA ​၏ အခန်း (၁) အပိုဒ် (၁) အခြေခံမူများတွင် ( ခ) မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရန်၊ နိုင်ငံရေးပြဿနာအား စစ်ရေးဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် ဟူသည့် အချက်အပြင် အခြားသဘောတူညီချက် ၁၁ ချက်ပါဝင်ပြီး စစ်ကောင်စီက အဆိုပါ NCA ​၏ အခန်း(၁) အား ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု KNU ကဆိုသည်။ 

လက်ရှိ၌ KNU သာမက မြန်မာနိုင်ငံအဝှမ်းရှိ ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအသစ်၊ အခြေခံဥပဒေအသစ်ရေးဆွဲနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြခြင်းသာဖြစ်ကြောင်း၊ KNU အနေဖြင့် ၎င်းတို့နှင့် ဗဟိုရည်မှန်းချက်တူသည့် NUG၊ NUCC တို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်မှုများရှိနေကြောင်း ပဒိုစောတာဒိုမူးက ဆိုသည်။ 

NCA စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA- PC)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) စသည့် အဖွဲ့အစည်းရှစ်ခုဖြင့် လက်မှတ်ထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က NCA တွင် ထပ်မံပါဝင်လာခဲ့သည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly