NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU ပြော

By မဇ္ဈိမ 
11 August 2023
NCA အပစ်ရပ်စာချုပ်ကို လိုက်နာစရာ လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေး ထိုးထားပေမယ့် စစ်ကောင်စီရဲ့ စာချုပ်စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုက်နာစရာအကြောင်းမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၁၀ ရက်နေ့က ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားသွားတာဖြစ်ပါတယ်။

NCA ရဲ့ အခန်း (၁) အခြေခံမူဟာ NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပြီး ဒါကို စစ်တပ်က ဖျက်ဆီးလိုက်တဲ့အတွက် ဒီစာချုပ်ဟာ မရှိတော့ဘူးလို့ သူကပြောပါတယ်။

ဒါ့ကြောင့် NCA ကိုအသုံးပြုပြီး နိုင်ငံတကာကို လှည့်စားတာဖြစ်စေ၊ ပြည်သူလူထုကို လှည့်စားတာဖြစ်စေ လုပ်တဲ့ကိစ္စတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဘာမှမဆိုင်ဘူးလို့ ပဒိုစောတာဒိုမှူးက ပြောပါတယ်။

NCA စာချုပ်ရဲ့ အခန်း ၁ အခြေခံမူမှာတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရေး ၊တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ရေး စတာတွေ အပါအဝင် အချက် ၁၁ ချက် ပါဝင်ပါတယ်။ 

ဒါ့အပြင် ပြည်သူတစ်ရပ်လုံးရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးနဲ့ ပြည်သူ့ဘဝမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားဖို့ဆိုတဲ့ အခြေခံမူလည်း ပါဝင်နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က တချို့သော EAO တွေအနေနဲ့ NCA စာချုပ်သဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတာကြောင့် PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့တယ်လို့ စွပ်စွဲအပြစ်ဖို့ထားတာပါ။

ဒီအတွက်ကြောင့် အချို့ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ဩဂုတ် ၇ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာ “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” လို့ ချမှတ်ထားတာတွေ့ရပါတယ်။

စစ်ခေါင်းဆောင်က အပစ်ရပ်စာချုပ်ကို အလေးထားတယ်လို့ ပြောဆိုနေပေမဲ့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းပြီးတဲ့နောက် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲပေါင်းရာချီ ဖြစ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၈၀ ကျော် ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

KNU ဟာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးတုန်းကရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါ တက်တက်ကြွကြွပါဝင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတော့ PDF တွေကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

အခုနှစ် ပထမ ၆ လတာအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly