လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေး

By မဇ္ဈိမ 
11 August 2023
လက်နက်ကိုင်ပြီး ပြည်သူအပေါ် နိုင်ထက်စီးနင်းပြုတဲ့ PDF တွေကို ဖယ်ရှားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး သတိပေး

လက်နက်ကိုင်ပြီး ပြည်သူအပေါ် ရမ်းကားတဲ့၊ ပြည်သူကို နိုင့်ထက်စီးနင်းလုပ်တဲ့ အမူအကျင့်ရှိသူတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင် ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြရမှာ ဖြစ်တယ် လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ပြည်သူတွေက ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ နိုင်သမျှ တော်လှန်ရေးဝန်ကိုထမ်းနေကြတာ ဖြစ်တယ်။ ဒါကြောင့် PDF ကသာလျှင် အသက်စွန့် တိုက်ပွဲဝင်နေရတာဖြစ်တဲ့အတွက် PDF ကသာလျှင် ပြည်သူထက် ခေါင်းတစ်လုံး ပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ခေါင်းထဲက ရှင်းရှင်းဖယ်ထုတ် ထားရမယ် လို့ သူက ဆက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူး သင်တန်း အပတ်စဉ်(၂) သင်တန်းသားရဲဘော်တွေကို ဝန်ကြီးရဲ့ အမှာစကားမှာ ထည့်သွင်းပေးခဲ့တာပါ။ 

တတ်နိုင်သလောက် တော်လှန်ရေးဝန်ကို ထမ်းနေကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်း ဟာ တော်လှန်ရေးသမားတွေဖြစ်ကြောင်း၊ တပ်ခွဲမှူးသင်တန်းတွေအတွက် အကူအညီ ပေးခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းတွေကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားထား ပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ထောက်ခံပါဝင်မှုကြောင့်သာ ပြည်သူ့စစ်မဟာဗျူဟာကို ခင်းကျင်းနိုင် တာဖြစ်ပြီး ဒီမဟာဗျူဟာကြောင့် ရန်သူဟာ ထွက်ပေါက်ပိတ်ပြီး နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊ နိုင်ငံတကာရေး အဘက်ဘက်က ချွတ်ခြုံကျကာ အသက်ရှုကျပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီလို အရေးနိမ့်မှုတွေကြောင့် စစ်ခေါင်းဆောင်က တရားခံရှာတဲ့အနေနဲ့ ဇာတ်တူသားချင်း ဖြုတ်ထုတ်သတ်လုပ်နေတာဖြစ်ပြီး အသက်ရှုကျပ်နေတဲ့ စစ်ကောင်စီကို အသက်ရှုရပ်တဲ့အထိ ဖိအားပေးတိုက်ခိုက်ကြဖို့လည်း PDF ရဲဘော်တွေကို တိုက်တွန်းခဲ့ပါတယ်။ 

ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) ဖွဲ့စည်းပြီး (၂)နှစ်ကျော် အတွင်း အခြေခံစစ်ပညာသင်တန်း၊ အကြပ် အဆင့်စစ်ပညာသင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာ၊ ထုတ်လုပ်ရေး၊ ဦး/ရေး/ထောက်၊ မဟာဗျုဟာနဲ့နည်းဗျုဟာအဆင့် သင်တန်းတွေကို ပို့ချနိုင်ခဲ့ပြီး ဖြစ်တယ် လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခုလို တပ်ခွဲမှူးသင်တန်းတွေ ကိုပါ ဖြစ်မြောက်အောင် စီစဉ်နိုင်တာက မဟာမိတ်အဖွဲ့အစည်းတွေရဲ့ အကူအညီကြောင့်လို့ ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းအရ သိရပါတယ်။

လက်ရှိ မဟာဗျူဟာက “ကွက်ပြည့်ခင်း ကွက်စေ့နင်းတဲ့ ဗျူဟာ” ဖြစ်ပြီး တစ်ပြည်လုံး အတိုင်းအတာနဲ့ ဒေသတိုင်းမှာ အင်အားစုစည်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီးကပြောပြီး မဟာဗျူဟာ ‌နောက်တစ်ဆင့်ကို ဆင်နွှဲမယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ စစ်မျက်နှာအသီးသီးကနေ အရေးကြီးတဲ့ စစ်မြေပြင်ခေါင်းဆောင်တွေ အဖြစ် ဒီသင်တန်းက ဆင်းသူတွေက ပါဝင်ကြရမယ် လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆောမြို့နယ်(ပ.က.ဖ) ဒုခေါင်းဆောင်က ပြည်သူတွေကို ရိုက်နှက်တာတွေရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အရေးယူ ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly