ဥရောပပွဲမစခင် ရိုမေးနီးယားနိုင်ငံသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့

ဥရောပပွဲမစခင် ရိုမေးနီးယားနိုင်ငံသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးခဲ့
Photo: AFP

ဂရိဘောလုံးပရိသတ်တစ်ဦး ဓားဖြင့် ထိုးခံရမှုကို ရဲတွေက ဆက်လက်စုံစမ်းနေချိန်မှာ ဂရိနဲ့ ဘူလ်ဂေးရီးယားကြား နယ်စပ်မှာ လက်နက်တွေ လက်ဝယ်ထားရှိမှုဖြင့် ရိုမေးနီးယားနိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

AEK အေသင်နဲ့ ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်ဘ်တို့ရဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲမကစားခင်မှာ အင်္ဂါနေ့က အေသင်မြို့ဆင်ခြေဖုံးမှာ ပြိုင်ဘက်အသင်းအားပေးသူများကြား ရန်ဖြစ်မှုအတွင်း ဂရိပရိသတ်တစ်ဦး ဓားထိုးခံခဲ့ရပြီး သေဆုံးခဲ့ရတာပါ။

“နိုင်ငံခြားသား ၇ ဦးကို လက်နက်လက်ဝယ်ထားရှိမှုအတွက် ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးထားပါတယ်”လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

"ဓားနှစ်ချောင်း၊ ဆွစ်ဇာလန်စစ်တပ်သုံး ဓားတစ်လက်၊ မျက်နှာဖုံးတစ်ခု၊ လက်ဝှေ့သုံးပစ္စည်း၊ ဂျာစီတစ်ထည်နဲ့ နိုင်ငံခြားအားကစားကလပ်တစ်ခုရဲ့ လိုဂိုပါတဲ့ ပဝါတစ်ထည်"တို့ကို လက်ဝယ်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရိုမေးနီးယားနိုင်ငံသား ခုနစ်ဦးစလုံးဟာ ဂရိကလပ် အိုလံပီယာကို့စ်နဲ့ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်တို့ကြား ကြာသပတေးနေ့ရဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲကို လာရောက်ဖို့ သူတို့ရဲ့ လမ်းးပေါ်ရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒိုင်နမို ဇာဂရက်ဘ်ကို အားပေးတဲ့ အစွန်းရောက် ဂိုဏ်းအဖွဲ့ Bad Blue Boys နဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူ Croats အုပ်စု ၉၄ ဦးအပါအဝင် လူ ၁၀၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို သောကြာနေ့မှ စတင်ကာ ရုံးထုတ်မှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required