အိန္ဒိယက အာဆီယံသို့ ခြေဆန့်နိုင်ရန် မြန်မာနှင့် ရထားလမ်းချိတ်ဆက်မှု တိုးမြှင့်ဆောင်ရွက်နေ

အိန္ဒိယက အာဆီယံသို့ ခြေဆန့်နိုင်ရန် မြန်မာနှင့် ရထားလမ်းချိတ်ဆက်မှု တိုးမြှင့်ဆောင်ရွက်နေ
Image courtesy: PIB

မြန်မာနိုင်ငံတွင် မျှော်လင့်တကြီး စောင့်စားခဲ့ရသည့် စစ်တွေဆိပ်ကမ်းကို ဖွင့်လှစ်ပြီးနောက် အိန္ဒိယ မီးရထားဌာနက မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်ကို ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြန်မာနယ်စပ်အနီး မီဇိုရမ်ပြည်နယ်ရှိ အိုက်ဇောမှ ဟဘစ်ချူဝါးအထိ ၂၂၃ ကီလိုမီတာရှည်သည့် ရထားလမ်းအတွက် အပြီးသတ် တည်နေရာတိုင်းတာမှုကို အတည်ပြုခဲ့သည်။ ယင်းစီမံကိန်း ပြီးစီးသည်နှင့်တပြိုင်နက် ကုန်းတွင်းပိတ် နီပေါနိုင်ငံနှင့် ဘူတန်နိုင်ငံတို့အတွက်လည်း အကျိုးရှိလာနိုင်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

အဆိုပါ ရထားလမ်းသစ်သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးတွဲဖော်ဆောင်လျက်ရှိသော ရည်မှန်းချက်ကြီးသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)နှင့် ချိတ်ဆက်သွားမည် ဖြစ်သည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)သည် အိန္ဒိယနိုင်ငံရှိ ကုန်းတွင်းပိတ် အရှေ့မြောက်ပိုင်း ဒေသကို မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်နှင့် ကာလကတ္တားအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ဖော်ဆောင်နေခြင်းဖြစ်သည်။ ၎င်းဆိပ်ကမ်းသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ်သို့ စီးဆင်းလျက်ရှိပြီး နောက်ဆုံးတွင် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်သွားသည့် ကုလားတန်မြစ်ဝတွင် တည်ရှိသည်။

ထိုအကြံအစည်သည် အာဆီယံသို့ ခြေဆန့်နိုင်ရန် ရည်ရွယ်ပြီး ၆၂၃ ကီလိုမီတာ ရှည်သည့် အိန္ဒိယ-မြန်မာ ကုန်းမြေနယ်နိမိတ်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ၇၂၅ ကီလိုမီတာရှည်သည့် နှစ်နိုင်ငံ ရေကြောင်းနယ်နိမိတ်တို့ကို ထိန်းချုပ်ရန် ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒနှင့် အရှေ့မျှော်မူဝါဒနှစ်ခုစလုံးတွင် အကျုံးဝင်သော တစ်ခုတည်းသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင် အိန္ဒိယ၏ ဒေသတွင်းသံခင်းတမန်ခင်း ဖော်ဆောင်ရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ကုန်းမြေတံတားတစ်ခုကဲ့သို့ ချိတ်ဆက်ပေးလျက်ရှိကြောင်း The Diplomat သတင်းတွင် အစောပိုင်းက ဖော်ပြခဲ့သည်။

အကြီးစား ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်တွေမြို့ကို ကုလားတန်မြစ်၏ ကုန်းတွင်းပိုင်း ရေလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင် အနောက်ဘက်အကျဆုံးမြို့ဖြစ်သည့် ပလက်ဝမြို့နှင့် ဆက်သွယ်ပေးသွားမည် ဖြစ်သည်။ ပလက်ဝမြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဇိုရင်ပွီရွှာတို့ကို ၆၂ ကီလိုမီတာရှည်လျားသည့် ကားလမ်းမှတစ်ဆင့် ထပ်မံ ချိတ်ဆက်သွားမည်ဖြစ်သည်။ စီမံကိန်းအရ ဇိုရင်ပူရ်နှင့် အိုက်ဇောအကြား ၁၁၀ ကီလိုမီတာရှည်သည့် လမ်းတစ်ခု ဖောက်လုပ်လျက်ရှိသည်။ ထို့ပြင် အဆိုပါလမ်းပိုင်းတွင် ရထားလမ်းကွန်ရက်ကိုလည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယ မီးရထားဌာန၏ မကြာသေးမီက ကြေညာချက်သည် ယင်းကွန်ရက်တစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ပိုမိုကြီးမားသည့် အစီအစဉ်မှာ မြန်မာနိုင်ငံ၊ ချင်းပြည်အနီး ကျောက်ထုနှင့် စစ်တွေမြို့ကို ချိတ်ဆက်သွားရန် ဖြစ်သည်။ ကျောက်ထုနှင့် မီဇိုရမ်ပြည်နယ်ရှိ ဇိုရွန်ပွီတို့ကို ချိတ်ဆက်သွားရန်လည်း နှစ်နိုင်ငံစလုံးက ဆွေးနွေးလျက်ရှိသည်။ ဇိုရွန်ပွီတွင် ပူးပေါင်းစစ်ဆေးရေးစခန်းတစ်ခု ဖွင့်လှစ်ဆောင်ရွက်လျက်သည်။

ယင်း ကုလားတန်စီမံကိန်းသည် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)ကို တန်ပြန်ရန် အိန္ဒိယအတွက် အခွင့်အရေးတစ်ရပ် ဖြစ်သောကြောင့် ပထဝီနိုင်ငံရေး မျှော်မှန်းချက်ကြီးတစ်ရပ် ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ သည် အိန္ဒိယအတွက် အရှေ့မြောက်ပြည်နယ်များမှတစ်ဆင့် အာဆီယံသို့ ထွက်ပေါက်ဖြစ်သောကြောင့် အိန္ဒိယက မြန်မာနိုင်ငံကို ထပ်မံ တွန်းအားပေးလျက်ရှိသည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP) အကောင်အထည်ပေါ်လာသည်နှင့်တပြိုင်နက် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် လမ်းကြောင်းပြောင်း ဆက်သွယ်ပေးနိုင်မည်ဖြစ်ကြောင်း ဆိပ်ကမ်း၊ ကုန်စည်နှင့် ရေလမ်းသယ်ယူပို့ဆောင်ရေး ဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝယ်လ်က ပြောကြားခဲ့သည်။

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း(KMTTP)သည် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(BIMSTEC)နှင့် ဘင်္ဂလားဒေ့ရှ်-ဘူတန်-အိန္ဒိယ-နီပေါ(BBIN) မူဘောင်အတွင်း ပိုမိုကြီးမားသော ဆက်သွယ်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာနိုင်သည်။

ထို့ပြင် BIMSTEC စီမံကိန်း၏ အဓိကအစိတ်အပိုင်းဖြစ်သော အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ စီမံကိန်းသည်လည်း ပေါ်ထွန်းလာတော့မည် ဖြစ်သည်။ သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးတည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး နီတင် ဂတ်ကာရီက မကြာသေးမီက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများရှိခဲ့သော်လည်း ယခုအခါ ထိပ်တန်းအာဏာပိုင်များ၏ ပုံမှန်စောင့်ကြည့်မှုဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့နှင့် လာအိုနိုင်ငံတို့အထိ တိုးချဲ့ချိတ်ဆက်သွားရန် မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required