မြိုင်မြို့အထွက် စစ်ဆေးရေးဂိတ်များကို တိုက်ခိုက် စစ်ကောင်စီတပ်သား  ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

By MTO (မဇ္စျိမ)
10 August 2023
မြိုင်မြို့အထွက် စစ်ဆေးရေးဂိတ်များကို တိုက်ခိုက် စစ်ကောင်စီတပ်သား  ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ မန္တလေးဘက်အထွက် စစ်ဆေးရေးဂိတ်များနှင့် ပခုက္ကူမြို့ဘက်သို့အထွက် စစ်ဆေးရေးဂိတ်များကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် မြို့အထွက် စစ်ဆေးရေးဂိတ်များကို ၈၀ မမ ၊ ရှော့တိုက် ၁၂၀ အဖူးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်းအနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ မှ ဗိုလ် Cross က ပြောသည်။

၎င်းက “ လက်နက်ကြီးအချက်ရေ ၅၀ ကျော်လောက် ပစ်ခတ်ခဲ့တယ်၊ လက်နက်ငယ်တွေ အနီးကပ် ပစ်ခတ်တာကတော့ ၁၅ မိနစ် လောက်ပဲ ပစ်ခတ်နိုင်တယ်၊ ကျည်အင်အားမလုံလောက်လို့ ဂိတ် နှစ်ခုပေါင်း သုံး ယောက် ထိတယ်လို့ သိထားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဘက်ကလည်း စက်လက်နက်များ၊ ၈၀မမ ၆၀ မမ၊ စသည့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်မှုမရှိကြောင်း မြိုင် ပကဖ အဖွဲ့က ဆိုသည်။

ယခုစစ်ဆင်ရေးသည် အညာဒေသ မဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command- ARSC ) အဖွဲ့၏ လမ်းညွှန်မှုဖြင့် ပထမဆုံး ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း မြိုင် ပကဖ အဖွဲ့က ဆိုသည်။

အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command - ARSC ) သည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ များ Local PDF အဖွဲ့များ သည့် အဖွဲ့ပေါင်း ၉၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ တစ်ခုဖြစ်ပြီး အညာဒေသက စစ်ဆင်ရေးများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဗိုလ် Cross က ဆိုသည်။

ယခုတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ ဗိုလ်လင်းမြွေ/ခရိုင်တပ်ရင်း (၁၃)၊ ဗိုလ်လင်းယုန် အဖွဲ့ ၊ MVP၊ မဟူရာအလင်းတန်း၊ ဇာမဏီ၊ M ဒေါင်းနီ၊ တုတ်ကြီး နှင့် DMG တို့ ပူးပေါင်း ပါဝင်ခဲ့ပါသည်။

စာတည်း -သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly