နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ ဩဂုတ် ၂၀၂၃)

By မဇ္ဈိမ 
10 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၀ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ပဲခူးတိုင်း ၊ ဖြူးမြို့နယ်၊ အကြမ်းဖက် စစ်ကောင်စီ ရဲစခန်းကို သြဂုတ် ၈ ရက် နံနက် ၉ နာရီ ခွဲအချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ စစ်ကြောင်း ဒရုန်း တပ်ဖွဲ့က ဝေဟင်ကနေ ဒရုန်းအသုံးပြုပြီး၊ ၆၀ မမ ဗုံးသီး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ ၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။
•    ပဲခူးတိုင်း၊သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ် အရှေ့ဘက် တောင်ညိုဆည်အထက်ပိုင်းတွင်ရှိသည့် ကြက်မနက်ကျေးရွာ ကင်းစခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် မိုင်းဆွဲတိုက်ခိုက် ခံရပြီး ၄ဦးသေဆုံးခဲ့တာကြောင့် အလောင်းများ ကောက်ပြီး တပ်ပြန်ဆုတ်သွားကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် ၊ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း က ထုတ်ပြန်သည်။
•     အာဏာရှင်စနစ်ဆိုးကြီး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြုကော်မတီအနေဖြင့် အားလုံးသော တော်လှန် ရေးအင်အားစု အသီးသီးနှင့် စုစည်းမှုအင်အား အရှိန်အဟုန်ကို တိုးမြှင့်လျက် မဆုတ်မနစ်ဇွဲလုံ့လထားပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ကြိုးစားတည်ဆောက်သွားမှာ ဖြစ်ကြောင်း ၄၈ နှစ်မြောက် ကချင်အာဇာနည်နေ့သို့ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြထားသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ပြီးတော့ သပိတ်အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDFအဖွဲ့များတွေ့ဆုံကာ ဘဏ္ဍာရေးတိုက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးမှုကို ဩဂုတ် ၉ ရက် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးကို မျှော်ရည်သော ဒီနွေဦးတော်လှန်ရေးအ ခင်းအကျင်းအတွင်း ကရင်နီပြည်ရှိ ကရင်နီအမျိုးသား တော် လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ပြည်သူ့အောင်ပွဲ အမြန်ဆုံးရရှိစေရန် လက်တွဲဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ကတိပြုသည်ဟု (၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံ တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြ ထားသည်။
•    အသက်ရှူကျပ်နေသည့် စစ်ကောင်စီကို အသက်ရှူရပ်သည့် အထိ ဖိအားပေး တိုက်ခိုက်ကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်ကပြ ည်သူ့ကာကွယ်ရေး တပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် (၂) သင်တန်းသားရဲဘော်များသို့ အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    အာဏာသိမ်းစစ်တပ်ပိုင် ထုတ်ကုန်ဖြစ်သည့် အရက်၊ ဘီယာ၊ စီးကရက်များ၏ ရောင်းအား အချိန် (၂)လ အတွင်း ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားရန်အတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ပေးကြရန် တော်လှန်ရေး အင်အားစုများက ယနေ့ (သြဂုတ် ၉) တိုက်တွန်းလိုက်သည်။
•    လက်နက်အရောင်းပြပွဲတစ်ခုသို့ မြန်မာစစ်ကောင်စီခန့် သံအမတ်တစ်ဦးကို ဖိတ်ကြားခဲ့သော်ငြား မြန်မာ စစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရက ဩဂုတ် ၉ ရက်တွင် ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အဝင်တွင် ပြည်သူများထံမှ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force-PDF)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
•    စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း တစ်နေရာတွင် အလုံမင်းဒေါင့် ဆိပ်ကမ်းမှ အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် ထောက်ပို့ ဖလပ်ရေယာဉ်များကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်စီး စက်ခန်း ထိမှန်ပျက်စီးခဲ့ကြောင်း ၅/99 PDF တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
•    ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က ကြာဇံဟင်း ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
•    ယင်းမာပင်မြို့နယ်တွင် သစ်ခိုးထုတ်နေသည့် အကြမ်းဖက် စစ်တပ်မှ စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် ၈၂ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၀န်ထမ်းလိုင်းခန်း ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
•    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၉ရက် နံနက် ၈နာရီခန့်တွင် ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင် တစ်ဦး နှင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ နောက်ထပ်အရပ်သား တစ်ဦးသည် ဆေးရုံအရောက်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း ဒေသခံမှသိရသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှ စစ်ကောင်စီ တပ်က ဖမ်းဆီးသွားသည့် အမျိုးသားငါးဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများ ထံမှ သိရသည်။
•    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ ယနေ့နံနက်အထိ အလောင်းများလာရောက် ကောက်ယူ ခြင်းမရှိသေးကြောင်း ကျောက်တံခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။
•    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
•    မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းအမှတ်(၈) လမ်းမကြီးတွင် လုံခြုံရေးယူ စစ်ဆေးနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များတွင် အမျိုးသမီးစစ်သည်များလည်း ပါဝင်ကြောင်း Taung Nyo Column - P29906 တောင်ညိုစစ်ကြောင်းက ထုတ်ပြန်သည်။
တိုင်းရင်းလက်နက်ကိုင်များ
•    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာမှာ KNLA၊PDF အထူးကွန်မန်ဒိုတပ်ရင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ကျော်သေဆုံးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
•    အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းလိုက်သဖြင့် တစ်နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အနေဖြင့် လိုက်နာရန် အကြောင်းမရှိတော့ ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက တရားဝင် ကြေညာ ပြောဆိုလိုက်သည်။
•    ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာတွင် မြေပြိုမှု ဖြစ်ပွားပြီး အသက် ၂ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးကာ ငွေကျပ်သိန်း ၈၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
စစ်ကောင်စီ
•    မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ ကောင်စစ်ဝန်ချုပ် ဟန်ဝင်းနိုင် သည် ဗန်ကောက်မြို့၌ ရုံးစိုက်သည့် Hong Kong Economic and Trade Office တွင် တာဝန်ခံ ညွှန်ကြားရေးမှူးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် Mr. Parson Lam အား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ယနေ့ နံနက်ပိုင်း က လက်ခံတွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသည်။
•    ပြည်ပရောက် မြန်မာအလုပ်သမားတိုင်း၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်း တရားဝင်ငွေလွှဲနှုန်းနဲ့ ပြန်ပို့ရမည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဆွေးနွေးမှုတွေလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းရောက်မြန်မာများ တရားဝင်ငွေလွှဲနိုင်ရန် ငွေလွှဲဝန်ဆောင်မှုတစ်ခု ထူထောင်လိုက် ကြောင်း သိရသည်။
•    စင်ကာပူနိုင်ငံ၏ အဓိက ဘဏ်ကြီး ဖြစ်သော United Overseas Bank (UOB) မှ မြန်မာရှိ ဘဏ်များ နှင့် အဆက်အသွယ်ကို လာမည့် စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ လုံးဝ အဆက်အသွယ် ဖြတ်တောက် တော့မည်ဖြစ်ကြောင်း Nikkei Asia သတင်းမှာ ဖော်ပြထားသည်။
•    နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်နှင့်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးက ဝိုင်းဝန်းတွန်းအားပေးဆောင်ရွက်ဖို့လိုအပ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။
ဩဂုတ် ၁၀ ရက် သုံးသပ်ချက် 
•    အကြမ်းဖက်မင်းအောင်လှိုင်မှ စီးပွားရေးမြှင့်တင်ရေး အရှိန်အဟုန်နှင့်ဆောင်ရွက်ရန် ၎င်းခန့်ထားသည့် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များကို ပြောဆိုပြီးနောက် မြန်မာငွေတန်ဖိုးထိုးကျသွားသလို အခေါက်ရွှေဈေးနှုန်းများလည်း တက်သွားသည်ကိုတွေ့ရသည်။
•    စစ်ကောင်စီမှ ပိတ်ဆို့မှုများကြောင့် ငွေကြေးအကျပ်အတည်းဖြစ်နေချိန် မြန်မာ အလုပ်သမားများ၏ လစာနိုင်ငံခြားငွေကို နည်းမျိုးစုံဖြင့် ရယူရန်ကြိုးပမ်းရာ နောက်ဆုံး သံရုံးများတွင် ငွေလွှဲကောင်တာဖွင့်၍ ရယူရန်ကြိုးပမ်းလာသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly