ရှမ်းမြောက်တွင် စစ်ကောင်စီကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၉ နှစ် ကလေးငယ် အပါအဝင် ၉ ဦး ဒဏ်ရာရ

By 001 (မဇ္စျိမ)
10 August 2023
ရှမ်းမြောက်တွင် စစ်ကောင်စီကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၉ နှစ် ကလေးငယ် အပါအဝင် ၉ ဦး ဒဏ်ရာရ
ပုံအညွှန်း- စစ်ကောင်စီတပ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် နေရာများ (ဓာတ်ပုံ-SHRF)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် စစ်ကောင်စီကြောင့် နှစ်ပတ်အတွင်း  အရပ်သား ငါးဦးသေဆုံးပြီး အသက် ကိုးနှစ်အရွယ် ကလေးငယ် အပါအဝင်အရပ်သား ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်( SHRF )က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ သေဆုံးသူများမှာ အသက် ၂၅ နှစ်အရွယ်မှ အသက် ၆၀ အရွယ်အထိ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများတွင် အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးအပတ်နှင့် ဩဂုတ်လ ပထမပတ်တို့တွင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ရိုက်နှက်မှုနှင့် အုပ်စုဖွဲ့အဓမ္မကျင့်မှုပြုလုပ်ခဲ့ကြောင်း SHRF က ပြောသည်။

သေဆုံးသူများထဲမှ မူဆယ်မြို့နယ်၊ ဆိုင်းခေါင်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဦးအိုက်လောနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် မန်ဟိုင်းကျေးရွာအုပ်စု တီးမကျေးရွာ ကချင်နှစ်ခြင်းအသင်းတော်မှ တူးဂျာနှင့် ဘရန်အောင်တို့၏ ရုပ်အလောင်းများကို စစ်ကောင်စီက TNLA တပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ပြီး ၎င်းတို့၏ ဝါဒဖြန့် လူမှုကွန်ရက်များတွင် TNLAတပ်သားသုံးဦးကို အသေဖမ်းမိကြောင်း ဖော်ပြခဲ့သည်ဟု SHRFက ဆိုထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီ၏ ခမရ (၅၆၉) တပ်မှ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ်ရှိ ဆွန်လုံကျေးရွာသို့ ရောက်ရှိလာပြီး ညပိုင်းတွင် အဆိုပါ စစ်ကြောင်းမှ တပ်သားလေးဦးမှာ ကျေးရွာအတွင်းသို့ နှစ်ဦးစီအုပ်စုခွဲကာ ဝင်ရောက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးကို မဖွယ်မရာ ပြုလုပ်ခြင်းနှင့် အဓမ္မပြုကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း SHRFကဖော်ပြထားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးတွင် တစ်ဦးမှာ ကိုယ်ဝန်သုံးလရှိသည့် အသက် ၂၀ အရွယ် အမျိုးသမီးဖြစ်ပြီး ကျန်တစ်ဦးမှာ ကလေးနှစ်ဦးရှိသည့် အသက် ၃၁နှစ်အရွယ် မိခင်တစ်ဦးဖြစ်ကြောင်း သိရသည်။

“သိရသလောက်ကတော့ အဲ့ဒီစစ်သားတွေကို ရွာရှေ့မှာ လူရှေ့မှာ ထိုးကြိတ်တာတွေရှိတယ်ပေါ့။ အဲ့လို ထိုးကြိတ်ပြီးနောက်ပိုင်း ဘာမှဆက်ပြီး မလုပ်ဘူး။ ထိုးကြိတ်ပြီးသူတို့ (စစ်ကောင်စီ စစ်ကြောင်းမှူးနှင့်အဖွဲ့)ပြန်ခေါ်သွားတယ်။ အဲ့တာကလွဲရင် ဘာမှအရေးယူမှုမရှိဘူးလို့သိရတယ်။ ကျွန်မတို့အနေနဲ့ ပြောချင်တာကတော့ တချိန်ကျရင် စစ်ကောင်စီရဲ့ ဒီရာဇဝတ်မှုတွေ ဒီလိုမျိုးရှမ်းပြည်ထဲမှာဖြစ်ဖြစ် စစ်တပ်ရဲ့ ရာဇဝတ်မှုတွေ ကျွန်မတို့မှတ်တမ်းတင်ထားတယ်။ ဒီကာလတွေ လွန်မြောက်သွားရင် သေချာပေါက် စစ်ကောင်စီရဲ့ ကျူးလွန်ခဲ့တဲ့ လူတွေကို အရေးယူနိုင်ဖို့ ကျွန်မတို့ကြိုးစားသွားပါ့မယ်”ဟု SHRF၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကပြောသည်။

စစ်ကောင်စီတပ်သားများမှာ အဆိုပါ ကျေးရွာမှ ပြန်လည်မထွက်ခွာမီ ရွာလူကြီးအား အဓမ္မပြုကျင့်မှုဖြစ်စဉ်ကို သတင်းမီဒီယာများထံပြောကြားပါက ရွာကိုလက်နက်ကြီးဖြင့် ပစ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့်ခံရမှုအပါအဝင် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုအချက်အလက်များကို ယုံကြည်စိတ်ချရသည့် ဒေသခံများထံက ကောက်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း SHRFမှ ယိင်းလျန်းဟန်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင်  စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ကျေးရွာများတွင် KIAနှင့်TNLAတပ်ဖွဲ့ဝင်များရောက်ရှိနေသည်ဟုဆိုကာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုတို့ကို ပြုလုပ်ခဲ့ကြောင်း SHRFက ဖော်ပြထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly