ရေစကြိုတွင် ၂ ရက်ဆက်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်းသေဆုံးဟုဆို

By MTO (မဇ္စျိမ)
10 August 2023
ရေစကြိုတွင် ၂ ရက်ဆက်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်းသေဆုံးဟုဆို

မကွေးတိုင်း၊ရေစကြိုမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်က ဖြစ်ပွားခဲ့သည့် နှစ်ရက်ဆက် တိုက်ပွဲအတွင်း  စစ်ကောင်စီတပ်ဖွဲ့ ဝင်နှစ်ဦးထက် မနည်းသေဆုံးနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြိုပကဖ)က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုမြို့ ခလရ ၂၅၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်အောင်မိုးလမ်းခွဲအနီးသို့ ကင်းပုန်းဝပ်ရန်လာစဉ်  စောင့်ကြိုပစ်ခတ်ရာ နှစ်ဦးသေဆုံးသွားကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

 “ ခုနစ်ယောက်လောက်ရှိတယ်။ အောင်မိုးလမ်းခွဲမှာ ကင်းပုန်းလာဝပ်တာမှာ ကျတော်တို့ ရဲဘော်တွေက အသင့်စောင့်ဆိုင်းနေတာဖြစ်လို့ လက်ဦးမှုရယူပစ်ခတ်နိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။

ထိုနေရာတွင်  ၁၅မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ပြန်လည်ဆုတ်ခွာသွားသည်ဟုဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ တွင်လည်း ရေစကြိုမြို့နယ် မြေဖြူကျေးရွာအနီးတွင်ရောက်ရှိနေသည့် အင်အား ၆၀ခန့် ပါ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖက ထုတ်ပြန်သည်။ ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ထိုနေရာမှ ပြန်လည်ဆုတ်ခွာပြီး ကျေးရွာအနီးတွင် ပုန်းအောင်းနေခဲ့ကြောင်း၊  နေ့လည် ၂ နာရီတွင် ပြန်လည်စစ်ကြောင်းထိုးလာသည့်အတွက် ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ နှစ်ကြိမ်စလုံးကျတော်တို့ လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တဲ့ အတွက် ကျတော်တို့ဘက်မှာ အထိအခိုက် မရှိခဲ့ဘူ။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာမျိုးရှိနိုင်ပေမယ့် အသေးစိတ်တော့မသိရသေးဘူး “ ဟု ဩဂုတ်လ ၉ရက်က တိုက်ပွဲဖြစ်စဉ်ကို ရေစကြိုပကဖက ရှင်းပြသည်။

ရေစကြိုမြို့နယ်တွင်ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ လိုက်ပါလာသည့် ကားကို ပြည်သူ့ ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာရရှိသွားကြောင်း ရေစကြိုပကဖကသတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly