ငါန်းဇွန်မြို့နယ်အတွင်း အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
10 August 2023
ငါန်းဇွန်မြို့နယ်အတွင်း အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ ရေလည်သောင် အနောက် ပျူရွာတွင် အင်အားဖြည့်တင်းလာသည့်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြင်းမူလင်းယုန်နက်ပြောက်ကျားတပ်ဖွဲ့ (Black Eagle Defence Force )က ဩဂုတ်လ ၁၀ရက် ယနေ့တွင် ထုတ်ပြန်သည်။

အင်အား ၄၀ ဝန်းကျင်ခန့်ပါသော အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၉ရက် နေ့လယ် ၁နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော် ဗုံးချတိုက်တဲ့အတွက် အိပ်ပျော်နေတဲ့ စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီးသေပါတယ် ၊ ဒဏ်ရာရတာ ၂၀လောက်ရှိပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်းပါတယ်” ဟု Black Eagle Defence Force တာဝန်ခံ ဗိုလ်စံရှား က မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့်အတူ Black Eagle Drone Force , T.G.R Women Drone Force , T.G.R People’s Defense Force , ကျောက်ဆည်ခရိုင်တပ်ရင်း(၂) ၊ ငါန်းဇွန် မြို့နယ် (ပကဖ) နှင့် ငါန်းဇွန်မီးနဂါး မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကောင်စီနှင့် သက်ဆိုင်သောအရာမှန်သမျှ ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် အသိပေးထားသည်။

ဇူလိုင်လ ၂၇ရက်နေ့ကလည်း အင်အား ၅၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို Black Eagle Defence Force က လက္ကာကျေးရွာ မြောက်ဖက်တွင် ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများ သယ်ဆောင်လာသည့်ကားကို မိုင်းဆွဲထပ်မံတိုက်ခိုက်၍ သုံးဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly