မီဇိုရမ်ပြည်နယ် မြန်မာစစ်ဘေးရှောင်စခန်းကို ချင်းရေးရာအဖွဲ့ချုပ်က ရိက္ခာ လှူဒါန်း

By ပါခွီး(မဇ္စျိမ)
10 August 2023
မီဇိုရမ်ပြည်နယ် မြန်မာစစ်ဘေးရှောင်စခန်းကို ချင်းရေးရာအဖွဲ့ချုပ်က ရိက္ခာ လှူဒါန်း
ဓါတ်ပုံ (ICA) ရိက္ခာသွားရောက်လှူဒါန်းသည့် ICA အဖွဲ့

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်း တစ်ခုတွင် ရိက္ခာပြတ်လပ်၍ အကူအညီတောင်းသဖြင့် ဆန် ၊ဆီ နှင့် ပဲများ သွားရောက်ကူညီလှူဒါန်းခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဩဂုတ်လ ၁၀ရက် ယနေ့တွင်ထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်ခရိုင် ၊ Tuirial မြန်မာစစ်ဘေးရှောင်စခန်းရှိ အိမ်ခြေ ၂၄ အိမ်တွင် ကလေး ၊ အမျိုးသမီးနှင့် သက်ကြီးအများစုရှိပြီးလူဦးရေ ၈၀ကျော် နေထိုင်သော စခန်းအား ကာလတန်ဖိုး ရူပီး ၃၀,၀၀၀ ကျော်ကို ဩဂုတ်လ ၈ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“စခန်းထဲမှာ အထူးသဖြင့် စားဝတ်နေရေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးထိရောက်တဲ့ အကူအညီပေးနိုင်ဖို့ အရမ်းလိုအပ်နေပါတယ် ၊ အခုစခန်းမှာ သူတို့စားစရာမရှိတော့တဲ့အကြောင်း အကူအညီတောင်းလာလို့ တတ်နိုင်သလောက်လေး သွားကူညီ ပေးရတာပါ ၊ Tuirial မှာက နေထိုင်ခွင့်ပဲပေးထားတာ သီးပင်စားပင် လုံးဝစိုက်ခွင့်မရကြဘူး၊ အဲဒါကြောင့် ပိုပြီးခက်ခဲတဲ့အနေအထားမှာရှိတာ” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံ က မဇ္စျိမ ကို ပြောသည်။

ဓါတ်ပုံ (ICA) ရိက္ခာသွားရောက်လှူဒါန်းသည့် ICA အဖွဲ့
 

Tuirial စစ်ဘေးရှောင်စခန်းရှိ နေထိုင်သူများသည် ပုံမှန်အလုပ်အကိုင်အခွင်လမ်းမရှိခြင်း ၊ ပုံမှန်ထောက်ပံ့ပေးသော NGO ၊ INGO နှင့် ဒေသခံ အဖွဲ့အစည်းများ လုံလောက်စွာမရှိခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာကြောင်း ဆိုသည်။

စားဝတ်နေရေးအပြင် ဆေးဝါးကုသမှုနှင့် ယခင်ကတည်းက စိတ်ဒဏ်ရာမျိုးစုံနှင့် လာရောက်သူများဖြစ်သဖြင့်  Mental Support ပိုင်းတွင် အကူအညီလို အပ်နေကြောင်း အလုပ်အကိုင်ရှားပါးသောကြောင့် ဝင်ငွေမရှိသဖြင့် ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြသမကုသနိုင်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး က ဆက်ပြောသည်။

မီဇိုရမ်အစိုးရက မြန်မာစစ်ဘေးရှောင်ကလေးများကို အခြေခံပညာသင်ကြားနိုင်ရေး တရားဝင်လက်ခံထားသဖြင့် ကျောင်းတက်နိုင်ကြသော်လည်း ဘာသာစကားပိုင်းတွင် အခက်အခဲရှိသဖြင့် တတ်နိုင်သူများအနေနှင့် မြန်မာ ၊ မီဇိုးစာများကို အချိန်ပို သင်ပေးနိုင်ပါက ယခုထက်အဆင်ပြေနိုင်ကြောင်း ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအားလုံးတွင် အလုပ်အကိုင်အခွင့်အလမ်းမရှိသော အခက်အခဲကို ရင်ဆိုင်နေရပြီး ပြင်ပထောက်ပံ့အကူအညီမှာလည်း ပုံမှန်မရှိဘဲ ရံဖန်ရံခါသာ ရရှိကြသဖြင့် ရေရှည်အတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။

“ရေရှည်အတွက်ဆို၊ ဥပမာ ရက်ကန်းလိုဟာမျိုးပေါ့ ၊ ကန်မ့်တစ်ခုမှာ ရက်ကန်း ငါးစင် လောက် ထောင်ပေးနိုင်ရင် တစ်နိုင်တစ်ပိုင် စခန်းနေသူတွေအတွက် ဝင်ငွေရနိုင်မဲ့ နည်းလမ်းမျိုးတွေကို လုပ်ပေးဖို့လိုပါတယ်” ဟု ဆလိုင်း ဗန်ဆွီးစံ က အကြံပြု ပြောကြားသည်။

ဓါတ်ပုံ (ICA) ရိက္ခာသွားရောက်လှူဒါန်းသည့် ICA အဖွဲ့
 

ရေရှည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ သင်ကြားထူထောင်ပေးခြင်းအားဖြင့် စစ်ဘေးရှောင်များ ဝင်ငွေ ရရှိနိုင်ပြီး စားဝတ်နေရေးအတွက် အဆင်ပြေလာနိုင်ကြောင်းနှင့် တစ်ဖက်တစ်လမ်းမှ စိတ်ပိုင်းဆိုင်ရာများကိုလည်း ကူညီကုသပြီးဖြစ်ကြောင်း ဆိုသည်။

ICA အဖွဲ့ချုပ်အနေဖြင့် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်း ငါးခုရှိ ပြည်သူများထံသို့ ဆန် ၊ ဆီ နှင့် ပဲများသွားရောက်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်ပြည်သူများထံသို့ လိုအပ်သော စားနပ်ရိက္ခာများ လှူဒါန်းခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပူးပေါင်းလှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း ချင်းရေးရာအဖွဲ့အချုပ်က အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly