မဏိပူရ်က သွေးထွက်သံယိုမှုများအတွက် မြန်မာက မတည်ငြိမ်မှုများကို အိန္ဒိယဝန်ကြီး အပြစ်ဆို

မဏိပူရ်က သွေးထွက်သံယိုမှုများအတွက် မြန်မာက မတည်ငြိမ်မှုများကို အိန္ဒိယဝန်ကြီး အပြစ်ဆို
Photo-AFP

အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရ်က တိုင်းရင်းသားပဋိပက္ခများအတွက် အိမ်နီးချင်း မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမ်မစ်ရှားက ဗုဒ္ဓဟူးနေ့တွင် အပြစ်တင်လိုက်ပြီး မဏိပူရ်၌ အငြင်းပွားမှုများကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် တိုက်တွန်းသည်။

မြန်မာနိုင်ငံက နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စိမ့်ဝင်နိုင်သော နယ်စပ်မှ မဏိပူရ်ပြည်နယ်ထဲ ဒုက္ခသည် ထောင်ပေါင်းများစွာ ဖြတ်ကျော်ဝင်ရောက်လာကြောင်း ရှားက လွှတ်တော်သို့ ပြောသည်။

မဏိပူရ်တွင် မေလမှစ၍ တိုင်းရင်းသား ပဋိပက္ခကြောင့် လူပေါင်း ၁၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ရာပေါင်းများစွာ ရှိကာ အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာ ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ၌ စစ်အာဏာသိမ်းချိန်မှစကာ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့က ဒီမိုကရေစီ လိုလားသော အင်အားစုများကို တိုက်ခိုက်လျက် ရှိနေသည်။ မြန်မာမြောက်ပိုင်းမှ ချင်းနှင့် မဏိပူရ်က ကူကီးတို့သည် တိုင်းရင်းမျိုးနွယ်စုတူများ ဖြစ်ကြသည်။

မဏိပူတွင် ကသည်းနှင့် ကူကီးတို့ကြား အများစုဖြစ်သော တိုင်းရင်းသား ပဋိပက္ခကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်နှင့် ပြဿနာကို စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ရှားက တိုက်တွန်းသည်။

တောင်ကုန်းဒေသများတွင် နေထိုင်ကြပြီး စီးပွားရေး အကျိုးအမြတ်နှင့် အစိုးရအလုပ်အကိုင်နှင့် ပညာရေးတို့ ရရှိနေသော ကူကီးများနှင့် မြေနိမ့်ဒေသတွင် နေထိုင်သော ကသည်းလူမျိုးများကြား မကျေချမ်းမှုများသည် မေ ၃ ရက်၌ ထိပ်တိုက်တွေ့မှုများသို့ ဖြစ်ပွားပေါ်ပေါက်သည်။

မဏိပူရ်ပြည်နယ် လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ရှိသော ကူကီးလူမျိုးများကို အများစု လူဦးရေဖြစ်သော ကသည်းများနှင့်အတူ အထူးအခွင့်အရေး ပေးရန် ဖေဖော်ဝါရီလအတွင်း တရားရုံးတစ်ရုံးက အကြံပြုရာမှ ပဋိပက္ခများ စတင်သည်။

မြန်မာမှ ဒုက္ခသည်များ စီးဝင်ခြင်းသည် ကသည်းများကြား “မလုံခြုံမှုများ” ကို ခံစားရကြောင်း ရှားက ပြောသည်။ ထိုပြင် ဖေဖော်ဝါရီလက တရားရုံး စီရင်ချက်သည် “မီး ပိုထိုးပေးရာ ရောက်သည်”ဟုလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်မှုများသည် နှေးကွေးစွာ ကျဆင်းလာပြီး ပြည်နယ်၌ စစ်တပ်နှင့် လက်ရုံးတပ် ၃၆,၀၀၀ နီးပါး ဖြန့်ကြက်ထားကြောင်း ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်းစဉ်၌ ရှားက ပြောခြင်း ဖြစ်သည်။

ကသည်းနှင့် ကူကီးအသိုင်းအဝိုင်းသို့လည်း မေတ္တာရပ်ခံရာတွင် “ကျေးဇူးပြုပြီး အကြမ်းဖက်မှုတွေကို စွန့်ပစ်ပါ၊ အိန္ဒိယဆီ လာပြီး ဆွေးနွေးပါ၊ ကျွန်တော်တို့နဲ့ အတူလာပြီး ဆွေးနွေးပါ”ဟု ပြောဆိုသွားခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required