ရေဖြူတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဒေသခံ ၅ ဦး ပြန်မလွတ်သေး

By ကိုရွှေမြိတ် (မဇ္ဈိမ)
10 August 2023
ရေဖြူတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော ဒေသခံ ၅ ဦး ပြန်မလွတ်သေး
ပုံ - ရေဖြူမြို့နယ်အတွင်းမှ စစ်ဘေးရှောင်အချို့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာမှ စစ်ကောင်စီ တပ်က ဖမ်းဆီးသွားသည့် အမျိုးသားငါးဦး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများ ထံမှ သိရသည်။

ဒေသခံ အမျိုးသားငါးဦးဖြစ်သော ဦးကျော်သိန်း၊ ဦးလူမဲ၊ ဦးမော်တင်ထွေး၊ ဦးစုငယ်နှင့် မူးဒူးရွာသားတဦး ကို ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခန့်က ထိန်ကြီးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ရေဖြူမြို့ခံတဦးက “ရေနက်ဆိပ်ကမ်းကစစ်သားတွေ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွာထဲမှာတွေ့တဲ့ လူတွေကို ဆွဲခေါ် ဖမ်းသွားတာ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၅၀ နီးပါးနှင့် စစ်ကားငါးစီးဖြင့် ဝင်ရောက်လာခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကြောင်းသုံးကြောင်းခွဲ၍ တောနင်းရှာဖွေမှုများ ပြုလုပ်နေ၍ ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ဘဝါ၊ ထွက်ဝ၊ ခမောင်းချောင်း၊ ဧကနိနှင့် ဝဇွမ်းတော စသည့် ကျေးရွာရှစ်ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပုံ - ရေဖြူမြို့နယ်အတွင်းမှ စစ်ဘေးရှောင်အချို့

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စာဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly