အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ဂျပန်အသင်းနှင့် အမေရိကန်အသင်းတို့ ၂ နှစ်ဆက် တက်ရောက်

အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ဂျပန်အသင်းနှင့် အမေရိကန်အသင်းတို့ ၂ နှစ်ဆက် တက်ရောက်

ကနေဒါ၊ ဇူလိုင် ၂။ ။ ကနေဒါနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျပန်အသင်းနှင့် အမေရိကန်အသင်းတို့သည် ဗိုလ်လုပွဲသို့ တက်ရောက်သွားကြပြီး ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် အသင်းများ ဖြစ်လာကြသည်။

ဆီမီးဖိုင်နယ် ပွဲစဉ် ၁ တွင် အမေရိကန်အသင်းက ဂျာမနီအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ် ၂ တွင် ဂျပန်အသင်းက အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထိုကဲ့သို့ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည့်အတွက် ဂျပန်အမျိုးသမီးအသင်းနှင့် အမေရိကန်အမျိုးသမီးအသင်းတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နော်ဝေအသင်းနှင့် ဂျာမနီအသင်းတို့ ပြီးနောက် ၂ နှစ်ဆက်တိုက် ဗိုလ်လုပွဲသို့တက်ရောက်နိုင်သည့် အသင်းများ ဖြစ်လာခဲ့သည်။

လက်ရှိကမ္ဘာ့ချန်ပီယံ ဂျပန်အမျိုးသမီးအသင်းသည် အင်္ဂလန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာတွင် ပွဲချိန် ၃၂ မိနစ်၌ ကွင်းလယ်လူမီရာမာက ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဒုတိယဂိုးမှာ နာကျင်အချိန်ပိုတွင် အင်္ဂလန်နောက်ခံလူ ဘက်ဆက်က ကိုယ့်ဂိုးကိုယ်သွင်းမိခြင်း ဖြစ်သည်။ အင်္ဂလန်အတွက် ချေပဂိုးတစ်ဂိုးကို ပွဲချိန် မိနစ် ၄၀ တွင် ကွင်းလယ်လူ ဖာရာဝီလျံက သွင်းယူပေးခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျပန်နှင့် အမေရိကန်တို့ ဗိုလ်လုခဲ့ကြရာ အချိန်ပိုပြီးဆုံးသည်အထိ ၂-၂ ဂိုးဖြင့် သရေကျနေခဲ့သည့်အတွက် ပင်နယ်တီကန်သွင်းခဲ့ရာတွင် ဂျပန်အသင်းက အနိုင်ရခဲ့သည်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာ သတ္တမအကြိမ်မြောက်ဖြစ်သည်။ အမေရိကန်အသင်းသည် ဗိုလ်လုပွဲစဉ်သို့ လေးကြိမ်မြောက်တက်ရောက်နိုင်ခြင်း ဖြစ်ပြီး နှစ်ကြိမ်ဗိုလ်စွဲထားသည်။

ဂျပန်အသင်းမှာ ပြီးခဲ့သည့် ခြောက်ကြိမ်ပြိုင်ပွဲဝင်ခဲ့ရာတွင် ချန်ပီယံတစ်ကြိမ်၊ ကွာတားဖိုင်နယ်သို့တစ်ကြိမ်တက်ရောက်ခဲ့ပြီး ကျန်လေးကြိမ်မှာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဂျပန်အသင်းနှင့် အမေရိကန်အသင်းတို့၏ ဗိုလ်လုပွဲစဉ်ကို လာမည့် တနင်္လာနေ့နံနက် ငါးနာရီခွဲတွင် ကနေဒါနိုင်ငံ၊ ဗန်ကူဗာမြို့ရှိ BC Place အားကစားကွင်းကြီးတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဝီကီပီးဒီးယား၊ ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly