မန္တလေးတွင် ယာဉ်ထိန်းရဲလိုင်းခန်း ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံရ

By 007 (မဇ္စျိမ)
10 August 2023
မန္တလေးတွင် ယာဉ်ထိန်းရဲလိုင်းခန်း ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံရ
Photo CJ -ပုံစာ- မန္တလေးကျုံးဘေးတွင် ယာဥ်ဖမ်းဆီးရေးလုပ်နေသည့် ယာဥ်ထိန်းတပ်ဖွဲ့ (ပုံဟောင်း)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် ၈၂ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၀န်ထမ်းလိုင်းခန်း ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဆိုင်ကယ်စီးလာသူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက် ပြေးသွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။

“အုန်းကနဲကြားလိုက်လို့ ထွက်ကြည့်တော့ ဘဲဥ(ယာဉ်ထိန်းရဲ)လိုင်းခန်းထဲ ဗုံးပစ်ခံရတာလို့ သိရတယ်။ ရပ်ကွက်ရုံးနဲ့လည်းသိပ်မဝေးတော့ ချက်ချင်းပဲ စကစတွေရောက်လာတယ်။ အထိအခိုက်ရှိမယ် ထင်တာ ပဲ အောင်မြေသာစံထဲက ဆေးရုံကားတစီး အ၀င်အထွက်လုပ်တာတွေ့လိုက်တယ်” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော No More Dictatorship People Defense Force-NMD အဖွဲ့က ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီအတွက်ငွေရှာပေးနေခြင်းကြောင့် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာ၀န်ခံ Zeus က ပြောသည်။

“ပြည်သူတွေဆီက ငွေညှစ်ရာမှာ အဓိကပါ၀င်နေတဲ့ ဘဲဥ(ယာဉ်ထိန်းရဲ)တွေ အပြင်ထွက် ငွေညှစ်နေချိန် သူတို့လိုင်းခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

တိုက်ခိုက်မှုအတွင်း ယာဉ်ထိန်းရဲလိုင်းခန်းအတွင်းမှ ပျက်စီးထိခိုက်ဒဏ်ရာရမှုရှိကြောင်း NMD အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

NMD အဖွဲ့သည် ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်နေ့ညကလည်း အဆိုပါလိုင်းခန်းအား ပထမအကြိမ် ဗုံးပစ် တိုက်ခိုက်ခဲ့ဖူးသည်။

စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ စွန့်စားတိုက်ခိုက်နေခြင်းဖြစ်ပြီး မန္တလေးမြို့တွင် တော် လှန်ရေးအင်အားစုများ သွေးမအေးကြောင်း၊ မြို့ကို စစ်ကောင်စီမထိန်းချုပ်နိုင်ကြောင်း ပြသရန်လည်း ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံ Zeus ကဆိုသည်။

၎င်းအဖွဲ့သည် သြဂုတ်လ ၁ ရက်နေ့ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းနှင့် အမရပူရ မြို့နယ် ထောက်လှမ်းရေး (၁၆)၀င်းအတွင်းသို့ လက်လုပ် ၈၀ မမစိန်ပြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သေး သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required