ရေးမြို့နယ် အစင်ကျေးရွာ ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် အရပ်သား ၂ဦး သေဆုံး

By ဂျူချန်း(မဇ္ဈိမ)
10 August 2023
ရေးမြို့နယ် အစင်ကျေးရွာ ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် အရပ်သား ၂ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၉ရက် နံနက် ၈နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင် တစ်ဦး နှင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ နောက်ထပ်အရပ်သား တစ်ဦးသည် ဆေးရုံအရောက်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း ဒေသခံမှသိရသည်။

“ဆိုင်ကယ်နဲ့လာတယ် လူနှစ်ယောက်၊ လာတော့ အုပ်ချုပ်ရေးမှုးရုံးကလူတွေ သောက်တဲ့ဝိုင်းကို လှမ်းပစ်တယ်၊ အဲ့မှာ အုပ်ချုပ်ရေးမှုးရုံးအဖွဲ့က နှစ်ယောက်ထိသွားတယ်၊ တစ်ယောက်က ဆုံးသွားတယ်။ နောက်တစ်ယောက်က စစ်တပ်ဆေးရုံမှာ၊ ကျန်တာကတော့ အရပ်သားတွေ။ ” ဟု ဒေသခံက မဇ္ဈိမ ကိုပြောသည်။

ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈နာရီခန့်တွင် အစင်ကျေးရွာ ဈေးထိပ်ရှိ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များဖြစ်သည့် ဦးယဉ်ဝေ၊ ဦးဝင်းထိုက်၊ ဦးမြင့်စိုး၊ ဦးသူတို့ လက်ဖက်ရည်သောက်နေစဉ် အမည်မသိသေနတ်သမား နှစ်ဦးမှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။ 

ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှုးရုံး၏ အတွင်းရေးမှူး ဖြစ်သူ ဦးယဉ်ဝေနှင့် အနီးရှိ အရပ်သား ဦးအောင်သိန်းတို့ သေနတ်ထိမှန်သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်ထဲမှ ဦးဝင်းထိုက်၊ အရပ်သားများဖြစ်ကြသည့် မောင်မျိုးထွန်း နှင့် ဦးသိန်းအောင်တို့ ဒဏ်ရာရှိခဲ့သည်။ 

ဒဏ်ရာရရှိသူများအား မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ဆေးရုံအရောက်တွင် မောင်မျိုးထွန်း ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှုးရုံးဝိုင်းကလူတွေကို ပစ်တာ၊ နှစ်ယောက်ထိပြီး ကျန်တဲ့လူတွေက လုံးဝလွတ်သွားတယ်။ မျိုးထွန်းကတော့ ဆေးရုံရောက်မှသေတယ်။ ပွဲချင်းပြီးသေသွားတာကတော့ ဦးအောင်သိန်းနဲ့ ဦးယဉ်ဝေနဲ့။ သေနတ်သံကတော့ အများကြီးပဲ၊ နာရီဝက်လောက်ရှိတယ်” ဟု ဒေသခံက ပြောသည်။ 

အစင်ကျေးရွာသည် အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ ယခုအကြိမ်ပစ််ခတ်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။

 ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်ကောင်စီသတင်းပေးဖြစ်သည့် အစင်ကျေးရွာ၏ ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင်လည်း အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် ပြည်သူ့စစ်ဟောင်း ဦးနေလှတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly