ရခိုင် စစ်ဘေးရှောင်စခန်းများတွင် ရေအနည်းငယ် ပြန်ကျသော်လည်း ပြန်နေ၍မရသေး

By ဂျူချန်း(မဇ္ဈိမ)
10 August 2023
ရခိုင် စစ်ဘေးရှောင်စခန်းများတွင် ရေအနည်းငယ် ပြန်ကျသော်လည်း ပြန်နေ၍မရသေး
ဓါတ်ပုံ- မြတန်ဆောင်းစစ်ရှောင်စခန်း

ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့တွင်ရှိသည့် စစ်ရှောင်စခန်းများ၌ မိုးသည်းထန်သဖြင့် မြစ်ရေတက်လာသောကြောင့် စခန်းရှိ စစ်ဘေးရှောင်များသည် နီးစပ်ရာရေဘေးလွတ်မည့်နေရာသို့ တိမ်းရှောင်နေကြရပြီး လက်ရှိတွင် ရေအနည်းငယ် ပြန်ကျသွားသော်လည်း စခန်းသို့ ပြန်လည်နေထိုင်နိုင်သည့် အနေအထားမရှိသေးကြောင်း စခန်းတာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။

“ရေကျသွားတယ်၊ ဒါပေမယ့် အိမ်ခန်းတွေပြန်ပြီးမပေါ်သေးဘူး၊ တချို့တွေကတော့ ပေါ်တာပေါ့။ ဒါပေမယ့် အများစုက မြုပ်နေတုန်းပဲ။ လောလောဆယ်တော့ နေလို့မရသေးဘူး။ ရေပြန်ကျသွားရင်တော့ ကိုယ့်အခန်းကို ပြန်ကြမှာပေါ့။ ဒီမှာက နေရတာက ၂၀၀၂ ဘတ်စ်ကားတိုးစီးရသလို စုပြုံနေရတော့ အဆင်မပြေဘူး။ အဲ့တော့ သူတို့အခန်းပဲ သူတို့ပြန်ချင်ကြတယ်” ဟု မြောက်ဦးမြို့ရှိ မြတန်ဆောင်း စစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်သည်။

မြောက်ဦးမြို့ မြတန်ဆောင်းစစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့ ညမှစတင်ကာ မြစ်ရေတက်လာသဖြင့် စခန်းတွင်းရှိ စစ်ဘေးရှောင် ၁,၁၇၅ ဦးသည် မြတန်ဆောင်းဘုန်းတော်ကြီးကျောင်းရှိ ပညာဒါနစာသင်ဆောင်အတွင်းသို့ ပြောင်းရွှေ့ခဲ့ကြရသည်။ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိ ရေအနည်းငယ်ပြန်ကျသွားသော်လည်း စခန်းအတွင်းသို့ ပြန်လည်နေထိုင်ကြရန် အဆင်မပြေသေးသဖြင့် ဘုန်းကြီးကျောင်းစာသင်စောင်အတွင်းသာ နေထိုင်နေကြရကြောင်း သိရသည်။ 

signal-2023-08-10-121931_004.jpg

ဓါတ်ပုံ- မြတန်ဆောင်းစစ်ရှောင်စခန်း 

ထို့အပြင် မိုးများပြီး ရာသီဥတု အအေးဒဏ်များကြောင့် စခန်းတွင်း စစ်ရှောင် ၃၇ ဦး ဖျားနာနေပြီး လသားအရွယ် ကလေးငယ်များနှင့် ဆယ်နှစ်အောက်ကလေးငယ် အများစုပါဝင်ကြောင်း သိရသည်။

“ကလေးတွေပါတယ်၊ လသားအရွယ်လေးတွေပါတယ်၊ ခုနစ်လသား၊ ခြောက်လသား၊ ဆယ်လသားပါတယ် ကိုးလသားပါတယ်၊ ဖျားနာတယ်ဆိုတာက ရေတက်တယ်၊ ကလေးတွေဘာတွေ ရေထဲမှာ လျှောက်ပြီးတော့ ဆော့ကြတယ်၊ ဖျားနာတယ်၊ တချို့ကလေးတွေကျတော့ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ပေါက်တဲ့ကလေးတွေလည်း ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။

signal-2023-08-10-121931_005.jpg

ဓါတ်ပုံ- မြတန်ဆောင်းစစ်ရှောင်စခန်း 

အလားတူ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ရှောင်စခန်းသည်လည်း မိုးကြီးပြီး မြစ်ရေတက်လာသဖြင့် စခန်းတစ်ခုလုံးနစ်မြုပ်ကာ စစ်ဘေးရှောင် ၄,၀၀၀ ကျော်သည် နီးစပ်ရာ ရေဘေးလွတ်မည့် ကျေးရွာရှိ အသိဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်နေကြရာ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့အထိ စခန်းသို့ ပြန်နိုင်ခြင်းမရှိသေးကြောင်း နီးစပ်သည့် ဒေသခံထံမှ သိရသည်။

“အခုတော့ မနေ့ကတည်းက ရေကပြန်ကျသွားပြီ။ ဒါပေမယ့် စစ်ရှောင်စခန်းတွေမှာ ပြန်နေလို့ အဆင်မပြေသေးဘူး။ ဘာလို့ဆို ရေပြန်ကျသွားလည်း နွံနစ်တာတွေ ကျန်သေးတယ်လေ။ နေထိုင်လို့ရလောက်တဲ့အနေအထားအထိ (ရေ)မကျသေးဘူး” ဟု ကျောက်တော်ဒေသခံမှ မဇ္ဈိမ ကိုပြောသည်။

ကျောက်တော်မြို့နယ်တွင် သရက်အုပ်ရွာသစ်၊ သရက်အုပ်စုရွာဟောင်း၊ င/တပေါင်းရွာ၊ သင်းဘောကွေ့ရွာ၊ ပုဏ္ဏားရွာ၊ ချောင်းတူးရွာ၊ ဗုဒ္ဓေါရွာ၊ ရွက်ညှိုးတောင်ရွာ စသည့် ကျေးရွာဆယ်ရွာခန့်မှ အိမ်ထောင်စု ၂,၀၀၀ ခန့် ရေနစ်မြုပ်နေပြီး လက်ရှိတွင် ရေအနည်းငယ်ပြန်ကျနေပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။

signal-2023-08-10-121931_006.jpg

ဓါတ်ပုံ- မြတန်ဆောင်းစစ်ရှောင်စခန်း 

မင်းပြားမြို့ရှိ မင်းတောင်မကျေးရွာ၊ ဒုံးသားကျေးရွာ၊ ကုလားမတောင်ကျေးရွာ၊ မင်းဖူးကျေးရွာ၊ ညောင်ပါလကျေးရွာ စသည့် မင်းပြားမြို့မြောက်ဘက်ခြမ်းရှိ ကျေးရွာဆယ်ရွာခန့်သည် ဩဂုတ်လ ၈ ရက်နေ့မှစတင်က ရေကြီးရေလျှံဖြစ်ပွားနေကြောင်း မင်းပြားမြို့ခံတစ်ဦးထံမှ သိရသည်။

“ကျနော်တို့ ကြားသိရသလောက်ဆိုရင် ရွာ ၁၀ ရွာလောက်ရှိတယ်။ မင်းဖူးကတော့ ရွာလုံးကျွတ်မြုပ်သွားတယ်။ အခုရေအတက်ကတော့ မရှိသေးဘူး၊ နဂိုပုံမှန်အတိုင်းပဲ ရှိနေတယ်၊ မင်းပြားမြို့မှာတော့ ရေကြီးနေတာ သုံးရက်ပဲရှိပါသေးတယ်” ဟု မင်းပြားမြို့နေသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

signal-2023-08-10-121931_007.jpg

ဓါတ်ပုံ- မြတန်ဆောင်းစစ်ရှောင်စခန်း 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လေးမြို့မြစ်သည် ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့ မွန်းတည့် ၁၂နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသော်လည်း ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၆နာရီခွဲတွင် တိုင်းတာချက်များအရ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့ကို ဖြတ်သန်းစီးဆင်းနေသည့် ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

signal-2023-08-10-121931_009.jpg

ဓါတ်ပုံ- မြတန်ဆောင်းစစ်ရှောင်စခန်း 

မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ မိုးအနည်းငယ် လျော့ကျသွားမည်ဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၌ မုတ်သုံလေအားကောင်းသဖြင့် ထပ်မံမိုးသည်းထန်လာနိုင်သောကြောင့် ရေကြီးရေလျှံခြင်းကို သတိထားကြရန် အမျိုသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၇ ရက်နေ့တွင် သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required