ဆွစ်ဇာလန် နပန်းပွဲများ၌ သာတူညီမျှရှိရေး အမျိုးသမီး နပန်းသမားများ တိုက်ပွဲဝင်

ဆွစ်ဇာလန် နပန်းပွဲများ၌ သာတူညီမျှရှိရေး အမျိုးသမီး နပန်းသမားများ တိုက်ပွဲဝင်
Photo-AFP

ဂျာမနီတွင် ရှာဝင်ဂန်ဟု သိထားကြသော ဆွစ်ဇာလန်ရိုးရာ နပန်းပွဲများသည် ရာစုနှစ်များစွာတိုင်အောင် အမျိုးသားများအတွက်သာ ဖြစ်နေခဲ့ပြီး အယ်လ်ပိုင်းဒေသက အမျိုးသားထုအတွက် ယောက်ကျားသားစွမ်းရည်ကို အဆုံးစွန်သော စမ်းသပ်ရာ ဖြစ်ခဲ့သည်။

သို့ရာတွင် အချို့သော အမျိုးသားများ ကန့်ကွက်သည့်ကြားမှပင် ဆွစ်ဇာလန်၏ ထိပ်တန်း ကိုယ်ပိုင်အားကစားဖြစ်သော ယင်း နပန်းပွဲများ၌ ကိုယ်ပိုင်လမ်းကြောင်းဖောက်ကာ ယှဉ်ပြိုင်ကစားကြသည့် အမျိုးသမီးဦးရေက တိုးများလာခဲ့သည်။

ရှာဝင်ဂန်နပန်းပွဲသည် တုတ်ခိုင်သော နပန်းသမားနှစ်ဦးက ပွယောင်းသော ဘောင်းဘီတိုတို့ကို ဝတ်ဆင်ကာ အချင်းချင်း တစ်ဦးနှင့် တစ်ဦး ဘောင်းဘီခါးနေရာမှ ဆုပ်ကိုင်ကာ တွန်းလှဲကြရခြင်း ဖြစ်သည်။

လွှစာမှုန်များ ဖုံးလွှမ်းထားသော ကွင်းအတွင်း ယှဉ်ပြိုင်ကာ ပြိုင်ဘက်၏ ပုခုံးများ မြေနှင့် ထိကပ်မိအောင် ဖိချုပ်တွန်းလှဲပြီး အနိုင်ယူရခြင်း ဖြစ်သည်။

ရှာဝင်ဂန်ကလပ်များတွင် အမျိုးသားပေါင်း ၆,၀၀၀ နီးပါး မှတ်ပုံတင်ထားသော်လည်း “ဘောင်းဘီမှ ပင့်မလှဲချခြင်း” ဟုလည်း သိထားကြသော ယင်း အားကစား၌ ပါဝင်ထားသည့် အမျိုးသမီးနှင့် မိန်းကလေးဦးရေမှာ ၂၀၀ ခန့်သာ ရှိသည်။

အမြစ်တွယ်နေသည့် အမျိုးသားများ၏ အတိုက်အခံပြုမှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရင်း အမျိုးသမီးများသည် ၁၉၉၂ ခုနှစ်၌ ၎င်းတို့ကိုယ်ပိုင် အားကစားအဖွဲ့ချုပ်ကို ထူထောင်ကာ ကိုယ်ပိုင်လမ်းကြောင်းဖြင့် ယင်း အားကစားအား ယှဉ်ပြိုင်ကစားလာခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် ထိုသို့ သီးသန့်လမ်းကြောင်းဖောက်ကာ ယှဉ်ပြိုင်ကစားကြခြင်း ဖြစ်သော်လည်း အမျိုးသားရော အမျိုးသမီးပါ ရှာဝင်ဂန် နပန်းပွဲများ၌ ဒိုင်လူကြီးများနှင့် ကျင်းပသည့် နေရာများကို အတူတူပင် အသုံးပြုနေရခြင်း ဖြစ်ပြီး အချို့ကတော့ အချိန်ကြာလာလျှင် ယခုကဲ့သို့ သီးသန့်ဖြစ်နေခြင်း မရှိတော့ဘဲ ပေါင်းစည်းကျင်းပဖြစ်မည်ဟု မျှော်လင့်ကြသည်။

အမျိုးသမီးနပန်းသမားများကို အမျိုးသားများကြား လက်မခံသေးဘဲ တစ်ခုတည်းသော အဖွဲ့ချုပ်မှာလည်း လက်မခံသေးကြောင်း ရိုမန်ဒီနပန်းပွဲတော် ကျင်းပရေး ကော်မတီ အကြီးအကဲ အန်နီ ကာဒီနက်စ်က အေအက်ဖ်ပီသို့ ပြောသည်။

“ဒါပေမဲ့ တစ်နေ့နေ့မှာ အတူတူ ဖြစ်လာဖို့ သူတို့ ကြိုးပမ်းသွားရလိမ့်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly